ဆီဆိုင်တွင် ပါတီဝန်းရံသည့်ယာဉ်မတော်တဆဖြစ်၊ ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာပြင်းထန်
DVB
·
October 23, 2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဘန်းယဉ်ဆေးရုံရှေ့မှာ အောက်တိုဘာ ၂၂ ရက် ညနေ ၆ နာရီ ဝန်းကျင်လောက်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ မဲဆွယ်စည်းရုံးဝန်းရံတဲ့ ယာဉ်မတော်တဆ ဖြစ်ပွားပြီး ယာဉ်ပေါ်ပါလာသူ ၃ ဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပါတီမဲဆွယ်စည်းရုံးပြီးအပြန် Fuso Canter ကားရှေ့ဘီးပေါက်ရာမှ အရှိန်မထိန်းနိုင်ဘဲ ကားကျွမ်းပြန်သွားတဲ့အတွက် ကားပေါ်ပါလာသူတွေ လွင့်ထွက်ပြီး ဦးခေါင်းဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်။
ဆီဆိုင်မြို့ နယ်ရဲတပ်ဖွဲ့ရဲမှူး သီဟန်က “သူတို့ဆိုက်ခေါင်ကနေ နမ့်ခုတ်ကိုပြန်တာ နမ့်ခုတ်အဖွဲ့တွေပေါ့၊ ဒိုင်နာကားနဲ့ လူ ၁၅ ယောက် လောက်ပါတယ်။ ဘန်းယဉ်အဝင်ဆေးရုံ ထိပ်မှာပဲ ဘယ်ဘက်တာယာပေါက်ပြီး အောက်ဆွဲချပြီး အမျိုးသမီး ၃ ဦးပွဲချင်းပြီး နောက်တစ်ယောက်က ဒဏ်ရာစိုးရိမ်ရ၊ သူတို့က ပါတီစည်းရုံးရေးဆင်းတဲ့သူတွေပေါ့” လို့ ပြောပါတယ်။
ဆိုက်ခေါင်နာရေးအသင်းက ကိုမောင်လွန်းက “ကျနော် ရောက်သွားတဲ့အချိန်မှာ ၃ ဦးသေသွားပြီ၊ ဒဏ်ရာရ ၁ ဦးက စိုးရိမ်ရလို့ တောင်ကြီးကို ပို့လိုက်ပြီ။ သေဆုံးသူတွေကို ဘန်းယဉ်ဆေးရုံ ရင်ခွဲရုံထဲပို့ပြီး ကူညီလိုက်တယ်။ သေဆုံးသူပါးပေါ်မှာ နဂါးအလံတွေ ကပ်ထားတုန်း” လို့ ပြောပါတယ်။
ယာဉ်မတော်တဆ ဖြစ်ပွားပြီး လူသေဆုံးခဲ့တဲ့အပေါ် PNO ပါတီဥက္ကဋ္ဌနဲ့ ပါတီအဖွဲ့အစည်းတွေက ဝမ်းနည်းကြောင်း ထုတ်ပြန်ကြေညာထားတယ်လို့ သိရပါတယ်။
သေဆုံးသူ ၃ ဦးဟာ ဟိုပုံးမြို့နယ် နမ့်ခုတ်ရွာနေ မခမ်းဗွေ၊ မွိုးတီးနဲ့ မရွှေအုပ်တို့ဖြစ်ပြီး မဇင်မာဦးက ဒဏ်ရာအပြင်းအထန်ရရှိပြီး တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
သတင်း - ခွန်ရာဇာ