မကွေးတိုင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၇ ဦး ထပ်မံတွေ့ရှိ
DVB
·
October 23, 2020
မကွေးတိုင်းမှာ အောက်တိုဘာ ၂၂ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၇ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကနေ သိရပါတယ်။
ရန်ကုန် NHL နဲ့ Test Kits တွေနဲ့ စစ်ဆေးချက်အရ မင်းဘူးမြို့နယ်က ၃ ဦး၊ တောင်တွင်းကြီးမြို့နယ်က ၂ ဦး၊ အောင်လံမြို့နယ်က ၁ ဦးနဲ့ ချောက်မြို့နယ်က ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ မကွေးတိုင်း ပြည်သူ့ကျန်မာရေးဦးစီးဌာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
လူနာတွေနဲ့ ထိစပ်ခဲ့တဲ့သူတွေကို စုံစမ်းဖော်ထုတ်ပြီး အသွားအလာကန့်သတ်ကာ ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးမှာဖြစ်ပြီး လူနာတွေကို သက်ဆိုင်ရာမြို့နယ်အလိုက် ကုသပေးနေတယ်လို့ ဆိုပါတယ်။
မကွေးတိုင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ တနေ့တထက်တနေ့ ပိုမိုများပြာလာတာကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲအပြင်မထွက်ဖို့၊ မကြာခဏလက်ဆေးဖို့၊ အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ဆင်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို အထူးဂရုပြု လိုက်နာဖို့တိုက်တွန်းလိုတယ်လို့ ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
မကွေးတိုင်းမှာ အောက်တိုဘာလ ၂၂ ရက်နေ့ ညနေပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာအရေအတွက် ၃၇၃ ဦးထိရှိလာပြီး ကျန်းမာရေးကောင်းမွန်လို့ ဆေးရုံဆင်းခွင့်ရရှိသူ ၂၀၉ ဦးရှိတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
သတင်း-မင်းထီး