Homeမြန်မာသတင်း
ရန်ကုန်မှပြန်လာသူများကို လိုက်ပို့သည့် လူနာတင်ယာဉ် ကျုံမငေးမြို့အဝင်ဂိတ်၌ စစ်ဆေးတွေ့ရှိ
ရန်ကုန်မှပြန်လာသူများကို လိုက်ပို့သည့် လူနာတင်ယာဉ် ကျုံမငေးမြို့အဝင်ဂိတ်၌ စစ်ဆေးတွေ့ရှိ
DVB
·
October 22, 2020
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့မှာ အောက်တိုဘာ ၂၀ ရက်နေ့က ရန်ကုန်မှ ပြန်လာသူတွေကိုလိုက်ပို့တဲ့ လူနာတင်ယာဉ်တစ်စီးကို စစ်ဆေးတွေ့ရှိတယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ကျုံမငေးမြို့မှာ နေထိုင်သူ ၄ ဦးကို ရန်ကုန်တိုင်းကနေ ပြန်လည်ခေါ်ဆောင်လာတဲ့ လူနာတင်ကားကို ကျုံမငေးမြို့အဝင်စစ်ဆေးရေးဂိတ်မှာ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်တယ်လို့ ကျုံမငေးမြို့ အုပ်ချုပ်ရေးမှူး ဦးဇော်လင်းအောင်က ဒီဗွီဘီကိုပြောပါတယ်။
"လောလောဆယ်တော့ နေရပ်ပြန်လာတဲ့ ၄ ဦးကို ကွာရန်တင်းထားပါတယ်။ ယာဉ်မောင်းနဲ့ အကူ ၂ ယောက်ကို တခြားကွာရန်တင်းမှာ ထားပါတယ်။ လောလောဆယ်တော့ အရေးယူတာ မရှိပါဘူး"လို့ ပြောပါတယ်။
ရန်ကုန်တိုင်းက ပြန်လာတဲ့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးဟာ စက်ရုံအလုပ်သမားတွေ ဖြစ်ပြီး ခေါ်လာတဲ့ယာဉ်က ပုသိမ်မြို့က လူနာတင်ယာဉ်ဖြစ်ပါတယ်။
အဆိုပါလူနာတင်ယာဉ်ဟာ အောက်တိုဘာ ၁၀ ရက်နေ့က ရန်ကုန်တိုင်းက ပြန်လာသူ တွေကို ခေါ်ဆောင်ဖို့ပြုလုပ်ပေးထားတဲ့ ထောက်ခံစာကို မိတ္တူကူးပြီး ခုလို ပို့ဆောင်တာတွေပြုလုပ်နေတာလို့ ပုသိမ်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ဒီဗွီဘီကိုပြောပါတယ်။
"ဆရာက ရန်ကုန်ပြန်တွေအတွက် အဲ့နေ့ တစ်ရက်စာပေးလိုက်တာ၊ အဲ့တာကို တစ်သက်လုံး အတွက်ထင်ပြီး စီးပွားရှာနေတာသိရတော့ စိတ်မကောင်းဘူး၊ ပေးတဲ့ထောက်ခံစာမှာတော့ ရက်စွဲပါတယ်၊ ခုထောက်ခံစာမှာ ရက်စွဲမပါဘူး၊ စေတနာတကယ်မှန်တယ်ဆို ကွာရန်တင်းစင်တာ တွေကို လိုက်ပို့သင့်ပါတယ်" လို့ ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် တာဝန်ရှိသူတွေက ဆောင်ရွက်နေချိန်မှာ ခုလိုမျိုး ထောက်ခံစာကို မိတ္တူပွားပြီး ရန်ကုန်က ပြန်လာသူတွေကို နေအိမ်အရောက် လိုက်ပို့နေတာဟာ ရပ်ကွက် ကျေးရွာထဲ ဗုံးထောင်တာနဲ့ အတူတူဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)