ရီးရဲလ်အသင်းကို လမ်းကြောင်းမှန်ပေါ်ပြန်ရောက်အောင်လုပ်မည်ဟု ဇီဒန်းပြော

လက်ရှိအသင်းမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ထိန်းသိမ်းပြီး အသင်းကို လမ်းကြောင်း မှန်ပေါ်  ရောက်အောင်လုပ်နိုင်တယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက ပြောပါတယ်။ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ ရှက်တာဒိုးနက်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးနောက် အခုလို ပြောခဲ့တာဖြစ်ပါတယ်။  ဒီရှုံးပွဲကြောင့် ရီးရဲလ်အသင်းဟာ ဇီဒန်း လက်ထက်မှာ ပထမဆုံးအဖြစ် အိမ်ကွင်း ၂ ပွဲဆက်တိုက် ရှုံးနိမ့်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။  ဒီပွဲမတိုင်ခင် လာလီဂါမှာလည်း ဇီဒန်းရဲ့အသင်းဟာ တန်းတက် ကာဒစ်ဇ်အသင်းကို ၁ ဂိုး ဂိုး မရှိ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ရှက်တာဒိုးနက်အသင်းဟာ ရီးရဲလ်ကို ပထမပိုင်းမှာတင် ၃ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒါဟာ ၁၅ နှစ်အတွင်း ရီးရဲလ်အသင်းအတွက် ပထမဆုံးအကြိမ်ပထမပိုင်း ၃ ဂိုးပေးခဲ့ရတာလည်း ဖြစ်ပါတယ်။  ရီးရဲလ်အသင်းအတွက် ဂိုးတွေကို မိုဒရစ်နဲ့ဗင်နီစီးရက်စ်တို့က သွင်းယူပေးနိုင်ခဲ့ပေမဲ့ လိုအပ်နေတဲ့ ချေပ ဂိုး ၁ ဂိုး ကိုတော့ မရရှိခဲ့ပါဘူး။  ဒီရလဒ်ကြောင့် ရီးရဲလ်အသင်းနည်းပြ ဇီဒန်းဟာ အောက်တိုဘာ ၂၄ ရက် (လာမယ့်စနေနေ့) ဘာစီလိုနာအသင်းနဲ့ အယ်လ်ကလက်စီကို ပွဲမတိုင်ခင် ဖိအားတွေ မြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။ အသင်းရဲ့အခြေအနေတွေ ဆိုးရွားနေပေမဲ့  ရီးရဲလ်နည်းပြ ဇီဒန်းကတော့ ဒီရာထူးအတွက် သူ့ကိုယ်သူ ယုံကြည်မှုရှိတယ်လို့ ပြောပါတယ်။  “ကျနော် ဒါကို ဖြေရှင်းနိုင်တယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့် ကြိုးစားသွားမှာပါ” လို့ ဇီဒန်းက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။  “ကစားသမားတွေကလည်း ပါဝင်ကြိုးစားသွားကြမှာပါ။ ကျနော်တို့ အခြေအနေတွေကို သုံးသပ်ပြီး အဖြေရှာ သွားကြမှာဖြစ်ပါတယ်။ အခုတော့  စနေနေ့ အယ်ကလက်စကိုပွဲ အတွက်ကြိုတင်ပြင်ဆင်ရပါမယ်”လို့ ဇီဒန်းက ပြောပါတယ်။  ရှက်တာနဲ့ပွဲမှာ ဇီဒန်းဟာ ပွဲထွက်ခွင့်နည်းပါးနေတဲ့ လူကာဂျိုဗစ်ကို လူစာရင်းမှာ အသုံးပြုခဲ့ ပြီး ရာမို့စ်မပါတဲ့နောက်တန်းမှာ အီဒါမီလီတိုကို ဗာရန်းနဲ့အတူ ပွဲထွက်စေခဲ့ပါတယ်။ ရှက်တာအသင်းဘက် အဓိကကစားသမား ၁၀ ဦးကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆုံးရှုံး ထားရပေမဲ့ တီတီ၊ ဆော်လမွန်တို့ရဲ့ သွင်းဂိုးတွေအပြင် ဗာရန်းရဲ့ကိုယ့်ဂိုးကိုယ်သွင်းယူမှုတွေ ကြောင့် ပထမပိုင်းတင် ၃ ဂိုး ပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။  ရှက်တာကို ရှုံးနိမ့်မှုဟာ ရီးရဲလ်အသင်းအတွက် ပထမဆုံးအကြိမ်ချန်ပီယံလိဂ်အိမ်ကွင်း ရှုံးနိမ့်မှုဖြစ်ပြီး ဒီခံစားချက်ဆိုးရွားလွန်းတယ်လို့ ဇီဒန်းက ပြောပါတယ်။  “ဒီပွဲက အရာအားလုံးကို ရှုပ်ထွေးစေခဲ့ပြီး အဆုံးသတ်ခဲ့ပါတယ်။ ကျနော်တို့ အမှားကြောင့် ပထမ ဂိုးပေးလိုက်ရတာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ယုံကြည်မှုတွေ ပျောက်ဆုံးခဲ့ရပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ အကောင်းဆုံး ပြန်လာနိုင်ခဲ့တဲ့အသင်းသားတွေအတွက်ဝမ်းမြောက်မိ ပါတယ်။ ပထမပိုင်းမှာ ကစားပုံမကောင်းခဲ့ပေမယ့် တခုခုလုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ဒီပွဲအရှုံးအတွက် ကျနော်မှာ တာဝန်ရှိပါတယ်” လို့လည်း ဇီဒန်းက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up