Homeမြန်မာသတင်း
ဧရာဝတီတိုင်း၌ ၂ ပတ်အတွင်း လူ ၂၁၁ ဦးလေဘေးသင့်၊ ကမ်းပြိုမှုကြောင့် နေအိမ် ၁၁၁ လုံး ရွှေ့ပြောင်း
ဧရာဝတီတိုင်း၌ ၂ ပတ်အတွင်း လူ ၂၁၁ ဦးလေဘေးသင့်၊ ကမ်းပြိုမှုကြောင့် နေအိမ် ၁၁၁ လုံး ရွှေ့ပြောင်း
DVB
·
October 22, 2020
ဧရာဝတိုင်းအတွင်း မြို့နယ်တွေမှာ မိုးနှောင်းပိုင်းဖြစ်တဲ့ အောက်တိုဘာလမှာ ၂ ပတ်အတွင်း လေပြင်းတိုက်ခတ်မှုနဲ့ မြစ်ကမ်းပါးပြိုကျမှုကြောင့် လူဦးရေ ၂၁၁ ဦး လေဘေးသင့်ခဲ့ပြီး နေအိမ် ၁၁၁ လုံး ပြောင်းရွှေ့ခဲ့ရတယ်လို့ တိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနက သိရပါတယ်။
အောက်တိုဘာလ ၂၀ ရင်နေ့ထိ စာရင်းတွေအရ လေပြင်းတိုက်ခတ်မှု ၁၈ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံးဝပြိုကျပျက်စီးခဲ့တဲ့ လူနေအိမ် ၅၀ လုံး ရှိခဲ့တာကြောင့် လူဦးရေ ၂၁၁ ဦး လေဘေးသင့်ခဲ့တယ်လို့ တိုင်းဒေသကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးသန်းစိုးက DVB ကိုပြောပါတယ်။
“မိုးနှောင်းကာလ မိုးသုန်လေဆုတ်ခွာချိန်မှာ တိုင်းအတွင်းက မြို့နယ်တွေမှာ ၂ ပတ်အတွင်း လေပြင်း ၁၈ ကြိမ် တိုက်ခတ်မှု ဖြစ်ပေါ်ခဲ့တယ်၊ လေဘေးသင့်ခဲ့တဲ့ နေအိမ်တွေကို ဦးစီးဌာနက သတ်မှတ်ထားတဲ့အတိုင်း ထောက်ပံ့တာတွေ ပြုလုပ်ပေးထားပါတယ်၊ လေဘေးသင့်တဲ့ လူဦးရေအလိုက် ဆန်နဲ့ အခြားရိက္ခာတွေ ထောက်ပံ့ပေးတာတွေလည်းရှိတယ်။”
၂ ပတ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့တဲ့ နေအိမ်တွေက လေဘေးသင့် မိသားစုဝင် ၂၁၁ ဦးကို အိမ်ဆောက်ပစ္စည်းအပါအဝင် ၁ ပတ်စာ စားနပ်ရိက္ခာထောက်ပံ့ငွေ စုစုပေါင်း ၃၂ သိန်းကျော်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။
ဒါပြင် ၂ ပတ်အတွင်း ကမ်းပါပြိုကျခဲ့မှု ၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီး ပြိုကျတဲ့မြစ်ကမ်းပါးနဲ့ နီးတဲ့ ရွှေ့ပြောင်းခဲ့ရတဲ့ ၁၁၁ အိမ်ကို အိမ်ဆောက်ပစ္စည်းနဲ့ ၁ အိမ်ကို ၁ သိန်းနှုန်း စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ဦးသန်းစိုးက ပြောပါတယ်။
မြစ်ကမ်းပါးပြိုကျလို့ ရွှေ့ပြောင်းခဲ့ရတဲ့ နေအိမ်တွေအတွက် ၁ အိမ်ထောင်ကို ၁ သိန်းထောက်ပံ့ပေးသလို ဆန်ရိက္ခာ ၁ ပတ်စာ ထောက်ပံ့ပေးပြီး စုစုပေါင်း ၁၁၀ သိန်းကျော်ဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
ဧရာဝတီတိုင်းအတွင်း မြစ်ကမ်းပါးပြိုကျမှုတွေမှာတော့ ဟင်္သာတခရိုင်အတွင်းက ကြံခင်းနဲ့ ဇလွန်မြို့၊ မအူပင်ခရိုင်က ညောင်တုန်းနဲ့ ပန်းတနော်မှာ အဖြစ်များတယ်လို့ သိရပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)