ဂါဇာမှ အစ္စရေးနယ်စပ်ဆီ ဖြတ်ကျော်တူးဖော်ထားသည့် ဥမင် ရှာဖွေတွေ့ရှိ

ဂါဇာကမ်းမြောင်ဒေသကနေ အစ္စရေးဆီ နယ်စပ်ဖြတ်ကျော် တူးဖော်ထားတဲ့ ဥမင်အသစ်တခုကို အစ္စရေးက အောက်တိုဘာ ၂၀ မှာ ရှာတွေ့ခဲ့ပါတယ်။ မြေအောက်ဥမင်ဟာ အစ္စရေးပိုင်နက်ထဲကို မီတာ ဒါဇင်ချီ ရောက်နေပြီလို့လည်း အစ္စရေး စစ်တပ်က ပြောပါတယ်။ အစ္စရေး စစ်အင်ဂျင်နီယာတွေက မြေအောက်အာရုံခံစနစ်ကို သုံးပြီး ဥမင်ကို ရှာတွေ့ခဲ့တာပါ။ ပြီးစီးခဲ့ရင် ဒီဥမင်ဟာ ဂါဇာကနေ မိုင် ၄၀ အကွာထိ ဆက်သွယ်ပေးထားနိုင်ပါတယ်။ ပါလက်စတိုင်းတွေဟာ ဂါဇာကမ်းမြောင်ဆီကို မှောင်ခိုပစ္စည်းတွေ၊ ဟားမတ်စ်အုပ်စုနဲ့ တခြားအုပ်စုကွဲတွေက စစ်သွေးကြွတွေအတွက် လက်နက်တွေကို နည်းအမျိုးမျိုးနဲ့ ခိုးသွင်းဖို့ မြေအောက်ဥမင်တွေကို သုံးပါတယ်။ စစ်သွေးကြွတွေကလည်း ပင်လယ်ရေကြောင်းရော ကုန်းကြောင်းကပါ ဂါဇာကို ပိတ်ဆို့ထားတဲ့ကြားကနေ အစ္စရေးကို တိုက်ခိုက်ဖို့ ဥမင်တွေကို သုံးပါတယ်။ အခု အသစ်တွေ့တဲ့ ဥမင်ကတော့ ဂါဇာတောင်ပိုင်း ခန်းယောနစ်မြို့ကနေစပြီး အစ္စရေးနယ်စပ်ကို ဖြတ်ဖောက်ထားတယ်လို့ အစ္စရေး စစ်ဘက်ပြောခွင့်ရက ပြောပါတယ်။ ဘယ်သူက ဒီဥမင်ကို ဖောက်တယ်ဆိုတာ မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမဲ့ ဂါဇာကမ်းမြောင်က စတဲ့ ဖြစ်ရပ်တိုင်းအတွက် ဟားမတ်စ်တွေမှာ တာဝန်ရှိတယ်လို့ ပြောခွင့်ရက ဆက်ပြောပါတယ်။ ဟားမတ်စ် စစ်အုပ်စု ပြောခွင့်ရကတော့ ဒီဖြစ်ရပ်အတွက် မှတ်ချက်ပေးဖို့ ငြင်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up