မကွေးတိုင်းတွင် ကိုဗစ်-၁၉ လူနာသစ် ၅၂ ဦး ထပ်မံတွေ့ရှိ
DVB
·
October 21, 2020
မကွေးတိုင်းဒေသကြီးမှာ အောက်တိုဘာ ၂၀ ရက် မနက်ပိုင်းက ကိုဗစ်-၁၉ လူနာသစ် ၅၂ ဦးတွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက "ရန်ကုန် NHL ရဲ့စစ်ဆေးချက်တွေအရ မကွေးမြို့နယ်က ၁၇ ဦး၊ မြို့သစ်မြို့နယ်က ၁၆ ဦး၊ ရေနံချောင်းမြို့နယ်က ၇ ဦး၊ စလင်းမြို့နယ်က ၇ ဦး၊ ပခုက္ကူမြို့နယ်က ၃ ဦး၊ မင်းလှမြို့နယ်က ၁ ဦးနဲ့ ကံမမြို့နယ်က ၁ ဦး စုစုပေါင်း ၅၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်တယ်”လို့ ပြောပါတယ်။
အဲဒီ လူနာတွေကို သက်ဆိုင်ရာမြို့နယ် ပြည်သူ့ဆေးရုံတွေမှာ ဆေးကုသပေးမှာဖြစ်ပြီးတော့ သူတို့နဲ့ ထိစပ်ခဲ့သူတွေကိုလည်း အသွားလာ ကန့်သတ်ပြီး ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးသွားမယ်လို့ ဒေါက်တာခင်မောင်သန်းကပြောပါတယ်။
မကွေးတိုင်းဒေသကြီးမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၅၄ ဦးထိရှိလာပြီး ကျန်းမာရေးကောင်းမွန်လို့ ဆေးရုံမှ ဆင်းခွင့်ရသူ ၂၀၃ ဦးရှိတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကနေ သိရပါတယ်။
သတင်း - မင်းထီး