ချန်ပီယံလိဂ်တွင် ၁၆ ရာသီဆက်တိုက် ဂိုးသွင်းနိုင်သူအဖြစ် မက်ဆီ စံချိန်တင်

အောက်တိုဘာ ၂၀ ရက် ညက ဖီရန်ဘာရို့စ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ချန်ပီယံလိဂ်မှာ ၁၆ ရာသီဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ဒီပွဲရဲ့ပထမပိုင်း ၂၇ မိနစ်မှာ  ဘာစီလိုနာအသင်းအတွက် အဖွင့်ဂိုးကို မက်ဆီက  ပင်နယ်တီကနေ ကန်သွင်းယူပြီး ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ပထမပိုင်းမပြီးခင် ပွဲချိန် ၄၂ မိနစ်မှာ  အန်ဆုဖာတီက  အသင်းအတွက် ဒုတိယဂိုး သွင်းယူပေးခဲ့ပြီး ဘာစီလိုနာအသင်းဟာ ပထမပိုင်းမှာတင် ပွဲကို သက်သောင့်သက်သာ ဦးဆောင်နိုင်ခဲ့ပါတယ်။  ဒီဂိုးကြောင့် ဖာတီဟာလည်း အသက် ၁၈ နှစ်မပြည့်ခင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁ ဂိုးနဲ့အထက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာပါတယ်။  အဲဒီနောက် ဒုတိယပိုင်းမှာတော့  ဘာစီလိုနာအသင်းအတွက် အနိုင်ဂိုးတွေကို ကော်တင်ဟို၊ ပီဒရီနဲ့ ဒမ်ဘီလီတို့က ဆက်လက်သွင်းယူပေးခဲ့ပြီး အသင်းဟာလည်း ၅ ဂိုး ၁ ဂိုး ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပါတယ်။ ဖီရန်ဘာရို့စ်အသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ ပွဲချိန် မိနစ် ၇၀ မှာ ခါရာတင်က ပင်နယ်တီကနေ သွင်းယူခဲ့တာပါ။  ဒီပွဲမှာ မက်ဆီသွင်းယူခဲ့တဲ့ ချန်ပီယံလိဂ်သွင်းဂိုးဟာ ဒီရာသီရဲ့ ဒုတိယမြောက်သွင်းဂိုး ဖြစ်ပါတယ်။ မက်ဆီဟာ ဗီလာရီးရဲလ်အသင်းနဲ့ အဖွင့်ပွဲစဉ်ကို ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ၃ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေသူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သွင်းဂိုး ၂ ဂိုးစလုံးဟာ ပင်နယ်တီကနေတဆင့် ရရှိခဲ့တာကြောင့် မက်ဆီဟာ ဝေဖန်မှုတချို့ကိုလည်း ရင်ဆိုင်ခဲ့ရပြီး ဘာစီလိုနာ နည်းပြကိုးမန်းကိုယ်တိုင်က မက်ဆီအနေနဲ့ ဒီထက်ပိုကောင်းအောင် ကစားသင့်တယ်လို့ ထောက်ပြဖူးပါတယ်။ “မက်ဆီရဲ့ပုံစံက ဒီထက်ပိုကောင်းလာဖို့ ရှိပါတယ်။ သူဟာ အသင်းမှာ ပျော်ရွှင်နေပြီးတော့ လေ့ကျင့်ရေးတွေကိုလည်း ပြင်းပြင်းထန်ထန် လုပ်ဆောင်နေပါတယ်။ သူဟာ ဘောလုံးကိုပဲ အာရုံစိုက်ထားပြီး အသင်းကို ဦးစီးဦးဆောင်ကစားလိုသူ ဖြစ်ပါတယ်။ သူက တိုးတက်နေသူဖြစ်ပြီး ကျနော့်အတွက် သူ့ကို ဘာမှစောဒကတက်စရာမရှိပါဘူး” လို့ ကိုးမန်းက ပြောပါတယ်။ မက်ဆီဟာ ချန်ပီယံလိဂ်သမိုင်းတလျှောက် ၁၆ ရာသီဆက်တိုက် ဂိုးသွင်းယူးနိုင်ခဲ့တဲ့ ဒုတိယမြောက် ကစားသမားဖြစ်ပြီး သူ့မတိုင်ခင် ယူနိုက်တက်ကစားသမား ရွိုင်ယန်ဂစ်က ဒီလိုမျိုး ဆက်တိုက်ဂိုးသွင်းနိုင်တဲ့စံချိန်ကို ရရှိထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up