Home
မြန်မာသတင်း
လားရှိုးနှင့် မူဆယ်က ရွေးကောက်ပွဲမကျင်းပနိုင်သည့်နေရာများကို ပြန်ပြင်ဆင်ရန် ခရိုင်ကော်မရှင်က တင်ပြ 
DVB
·
October 20, 2020
ရှမ်းပြည်နယ်၊ လားရှိုး၊ မူဆယ်နဲ့ မိုင်းကိုင် ဒေသက မဲဆန္ဒနယ်တချို့မှာ ရွေးကောက်ပွဲမကျင်းပဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားကို  ပြန်လည်ပြင်ဆင် သတ်မှတ်ပေးဖို့ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေက တင်ပြတောင်းခံထားပါတယ်။  လားရှိုးခရိုင်၊ လားရှိုးမြို့နယ်က မယ်ဟန်ရွာနဲ့ ကွမ်လုံမြို့နယ်က မန်ပြိန်းရွာတို့ကို ရွေးကောက်ပွဲကျင်းပနိုင်တဲ့ နယ်မြေအဖြစ် ပြန်လည်ပြင်ဆင်သတ်မှတ်ပေးနိုင်ဖို့ လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင်က ရှမ်းပြည်နယ်မြောက်ပိုင်း ရွေးကောက်ပွဲ ကော်မရှင်ထံ အောက်တိုဘာ ၁၉ နေ့မှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။ လားရှိုးခရိုင်ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးအောင်စိုးမင်းက “ဒီနယ်‌မြေတွေ ကိစ္စတင်ပြလာကြတာလည်းရှိတယ်။ ၂၀၁၅ တုန်းကလည်း ရွေးကောက်ပွဲ ကို အောင်မြင်စွာကျင်းပနိုင်ခဲ့တယ်။ လမ်းပန်းဆက်သွယ် ရေးလည်းအဆင်ပြေ၊ နယ်မြေလည်းအေးချမ်းတာကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်သည့်နယ်မြေများအဖြစ် ပြန်လည်ပြင်ဆင်သတ်မှတ်ပေးပါရန် တင်ပြခဲ့ပါတယ်။ ရခိုင်မှာလည်းတင်လို့ကြားတယ်ဗျ။ အဲဒါကြောင့် ပြန်လည်ကြိုးစားကြည့်တာပါ” လို့ ပြောပါတယ်။ ၂၀၁၅ တုန်းကတော့ ရွေးကောက်ပွဲကျင်းပမယ့် နယ်မြေစာရင်းတွေကို တစ်ကြိမ်ပဲ လုပ်လိုက်ရပေမယ့် ဒီတခေါက်ကျတော့ ရွေးကောက်ပွဲကော်မရှင်က မတင်ထားတဲ့နေရာ တွေပါလာတယ်လို့ သိရပါတယ်။ SNLD ပါတီက နန်းခင်ရွှေကတော့ “ မယ်ဟန်ရွာက အေးချမ်းလွန်းလို့ မြို့အဝင်မှာ ပွဲရုံတွေချည်းပဲ။စာရင်းများမှားနေသလားပေါ့။ ကန့်သတ်လိုက်တဲ့နယ်မြေတွေက ပြောပလောက်တဲ့ ပဋိပက္ခမရှိပါဘူး။ ရွေးကောက်ပွဲကော်မရှင်နဲ့ ပါတီလူကြီးတွေ စကားပြောနေပါတယ်”လို့ ပြောပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကန့်သတ်လာတဲ့ အထဲက ပန်သပြေ၊ ပန်ယာရုံး၊ လွယ်စပ်ရွာဘက်မှာ TNLA ဖြတ်သွားဖြတ်လာတာရှိပေမဲ့ ထိတွေ့ပစ်ခတ်မှု တစ်ခါ တစ်လေမှ ဖြစ်လေ့ရှိတာလို့ တအာင်း(ပလောင်)အမျိုးသားပါတီ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်မင်းက ပြောပါတယ်။ NLD ပါတီက ရှမ်းပြည်နယ် ‌လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ရီရီမင်း ကတော့ “မိုင်းယော်ထိတော့ ရောက်ခဲ့တယ်။ ပန်သပြေ၊ ပန်ယာရုံး၊ လွယ်စပ်ရွာတွေက မိုင်းယော်ရဲ့ အပေါ်ဘက်ဆိုတော့ သွားဖို့ အစီအစဉ်ရှိပေမယ့် မရောက်ဖြစ်သေးတော့ လုံခြုံရေး အခြေအနေကို မှတ်ချက်မပေးတတ်ပါဘူး” လို့ ပြောပါတယ်။ လားရှိုးမြို့နယ်က ကျေးရွာ (၆) အုပ်စု ဖြစ်တဲ့ ပန်သပြေ‌ကျေးရွာ၊ ပန်ယာရုံးကျေးရွာ၊ လွယ်စပ်ကျေးရွာ၊ မယ်ဟန် ကျေးရွာ၊ ဖာဖိန့်ကျေးရွာ၊ မန်ကတ်ကျေးရွာ နဲ့ ကွမ်လုံမြို့နယ်က မန်ပြိန်းကျေးရွာ၊ တန့်ယန်းမြို့နယ်က ကျေးရွာ ၁၁ အုပ်စုကို ရွေးကောက်ပွဲကျင်းပနိုင်တဲ့ အခြေအနေမရှိတဲ့ နယ်မြေတွေအဖြစ် အောက်တိုဘာ ၁၆ နေ့က  ကြေညာထားတာပါ။ အလားတူ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးကလည်း မူဆယ်မြို့နယ်၊ တော်ရွက်ရပ်ကွက်မှာ  ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် အခြေအနေကို ပြန်လည်စိစစ်ပေးဖို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ဖက်စ်နဲ့ ပို့ထားပါတယ်။ မူဆယ်ခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမင်းအောင်ကတော့ "တော်ရွက်ရပ်ကွက် နဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကျင်းပနိုင်တဲ့ အနေအထားမရှိဘူး လို့ တင်ပြထားခဲ့ခြင်း မရှိကြောင်း" ပြောပါတယ်။ မူဆယ်မြို့နယ် တော်ရွက်ရပ်ကွက်မှာ နေထိုင်တဲ့ ပြည်သူတွေဟာ ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ် မြေစာရင်းကနေ ပယ်ဖျက်ခဲ့တာကြောင့် မဲပေးခွင့်ရရှိရေး၊ မဲရုံဖွင့်လှစ်ရေး ရွေးကောက်ပွဲကော်မရှင်ထံ အောက်တိုဘာ ၁၈ ရက်နေ့က တောင်းဆိုခဲ့ကြတယ် လို့ တော်ရွက်ရပ်ကွက်က နယ်မြေမှူး စိုင်းနွမ်လောဝ် ဆီက သိရပါတယ်။ ပါတီကိုယ်စားလှယ်လောင်းတွေ၊ ရပ်ကျေးရွေးကောက်ပွဲကော်မရှင် အပါအဝင် ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးတွေ၊ ရပ်ကွက်သူ/သားတွေ စုစုပေါင်း ၄၀ ဦးဟာ အစည်းအဝေး ခေါ်ယူပြီး လက်မှတ်ထိုးကာ မြို့နယ်ရွေးကော်မရှင်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်တွေဆီ အဆင့်ဆင့်တင်ပြခဲ့ကြတယ် လို့သိရပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်လိုက်တဲ့ မူဆယ်မြို့နယ်အတွင်း ရွေးကောက်ပွဲ မကျင်းပဖြစ်တဲ့ နေရာဒေသတွေကတော့ တော်ရွက်ရပ်ကွက်၊ ယီခူးကျေးရွာအုပ်စု၊ နမ့်ချက်ရွာမကျေးရွာအုပ်စု၊ မန်ပြိန်း ကျေးရွာအုပ်စု၊ မန့်စယ်ကျေးရွာအုပ်စု၊ နောင်ချိုကျေးရွာအုပ်စု၊ နောင်ဆိုင်ကျေးရွာအုပ်စု၊ ဖာပွန်လီဆော ကျေးရွာအုပ်စုနဲ့ မန့်နောင်ကျေးရွာအုပ်စုတို့ ပါဝင်ပါတယ်။ နောင်ချို၊ မန်နောင်၊ ဖာပွန်လီဆော၊ နောင်ဆိုင် ကျေးရွာအုပ်စု ၄ စုမှာတော့  ၂၀၁၅ တုန်းကလည်း ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ပါဘူး။ မူဆယ်မြို့နယ်၊ တော်ရွက်ရပ်ကွက်မှာ အိမ်ထောင်စုပေါင်း ၅၆၁ စု ရှိပြီး၊ ဆန္ဒမဲ ပေးခွင့်ရှိသူ ၂၃၀၈ ဦး ရှိပါတယ်။ အလားတူ မိုင်းကိုင်မြို့နယ်ထဲက  SNLD၊ SNDP၊ USDP နဲ့ NLD  နိုင်ငံရေးပါတီ ၄ ပါတီက ခေါင်းဆောင်တွေနဲ့ သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းတွေကလည်း မိုင်းကိုင် မြို့နယ်ကို ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နယ်မြေစာရင်းမှာ ထည့်သွင်းထားတာနဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မှရှင်ထံ  တင်ပြတောင်းဆို ထားပါတယ်။ သတင်း - နန်းစံပယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024