Homeမြန်မာသတင်း
တရုတ်နယ်စပ်မှ တရားမဝင် ဝင်လာသူများထံက ကိုဗစ်-၁၉ ပိုးကူးမှာ နမ့်ခမ်းဒေသခံများ စိုးရိမ်
တရုတ်နယ်စပ်မှ တရားမဝင် ဝင်လာသူများထံက ကိုဗစ်-၁၉ ပိုးကူးမှာ နမ့်ခမ်းဒေသခံများ စိုးရိမ်
နန်းမြနဒီ
·
October 20, 2020
တရုတ်အာဏာပိုင်တချို့က သူတို့ဖမ်းမိတဲ့ မြန်မာအလုပ်သမားတွေကို တရားဝင်ဂိတ်ကနေ ပြန်လွှဲပြောင်းခြင်းမပြုဘဲ ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် နယ်စပ်မှာ လွယ်လင့်တကူ လာချထားလို့ နမ့်ခမ်းဒေသခံတွေ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှာကို စိုးရိမ်နေကြပါတယ်။
မူဆယ်နဲ့ ကြယ်ဂေါင်မြို့ကြားက နန်းတော်ဂိတ်မှာ တရားဝင်လာရောက်လွှဲပြောင်းခံရတဲ့ မြန်မာပြည်တော်ပြန်တွေဆိုရင် ကျန်းမာရေးဆေးစစ်တာ ၊ ကွာရန်တင်းစင်တာ ဝင်ရောက်တာတွေ ရှိပေမယ့်လည်း တရားမဝင်နယ်စပ်တောလမ်းနဲ့ ကျေးရွာတွေမှာ လာရောက်ပို့ဆောင်ခြင်းခံရသူ တွေကတော့ သက်ဆိုင်ရာက သိတာရှိသလို မသိတာလည်းရှိပြီး ကျန်းမာရေးလည်း မစစ်ရ ၊ ကွာ ရန်တင်းလည်း မဝင်ရ ၊ သူတို့သွားချင်ရာသွားနေလို့ ရောဂါပိုးကူးစက်မယ့်အရေး စိုးရိမ်နေကြ တ ယ်လို့ နမ့်ခမ်းဒေသခံ စိုင်းထွန်းလှိုင်က ဒီဗွီဘီကို ပြောပါတယ် ။
“ကျနော်တို့ နမ့်ခမ်းကလည်း တရုတ်နယ်စပ်နဲ့ ကပ်နေတဲ့ ရွာတွေအများကြီးရှိတယ်။ ကွန်ဟိုင်း၊ တိုင်းချို၊ နောင်မ၊ နောင်ကောင်း၊ ဟတ်လန် စသဖြင့်ပေါ့။ တရုတ်ဘက်ခြမ်းက တရား မဝင်မြန်မာအလုပ်သမားတွေကို တရားဝင်မလွှဲဘဲနဲ့ ဒီတိုင်းလာပစ်ထားတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့ကတော့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ စေတနာ့ဝန်ထမ်းတွေသိလို့ ပြည်တော်ပြန် ၁၀ ယောက်ကို မူဆယ်ကွာရန်တင်းစင်တာ ပို့ပေးလိုက်တယ်ခင်ဗျ၊ မသိလိုက်ရတဲ့ သူတွေ ဆိုရင်တော့ စိုးရိမ်စရာပေါ့ခင်ဗျာ။”
နမ့်ခမ်းနယ်စပ်မှာ လာပို့ခံရတဲ့သူတွေဟာ အများအားဖြင့် မြန်မာပြည်မဘက်ကနေ ခြံအလုပ် သွားလုပ်ကြသူတွေဖြစ်ပြီး တရုတ်ရဲတွေလာစစ်တဲ့အခါ အထောက်အထားမပြည့်စုံတာတွေကြောင့် ဖမ်းဆီးပြန့်ပို့ခံရတာဖြစ်ပါတယ်။
ပြန်လာသူတွေကို မူဆယ်နန်းတော်ဂိတ်မှာဘဲ တရားဝင်လွှဲပြောင်းပေးအပ်ဖို့ မူဆယ်ခရိုင် တာဝန်ရှိသူတွေအနေနဲ့ သက်ဆိုင်ရာတရုတ်အာဏာပိုင်တွေကို အကြောင်းကြား စေလိုတယ်လို့ နမ့်ခမ်းဒေသခံက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မူဆယ်ဂရုဏာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းကလည်း တရုတ်နယ်စပ်တောလမ်းကနေ အဝင်အထွက်တွေရှိနေဆဲဖြစ်ပြီး သူတို့ဆီမှာ ကွာရတင်း ဝင်နေတာ လည်းရှိကြောင်း၊ လောလောဆယ် မူဆယ်မှာ ကွာရန်တင်းဝင်သူ ၁၈ ဦးရှိတယ်လို့ ဆိုပါတယ်။
မူဆယ်မှာ ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၂၂ ယောက်ရှိပြီး ၇ ယောက် သက်သာ လို့ ဆေးရုံဆင်းသွားပြီဖြစ်ကာ လောလောဆယ် ခရိုင်ဆေးရုံကြီးမှာ ၁၅ ယောက် တက်ရောက်ဆေးကုသမှု ခံ ယူနေရပါတယ်။
မူဆယ်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ပိုးတွေ့လူနာတွေဟာ ကျန်းမာရေးကောင်းမွန်ပြီး ပိုးတွေ့လူနာတွေထဲက ၁၀ ယောက်ဟာ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ ဖြစ်ပါတယ်။