Home
မြန်မာသတင်း
ကာကွယ်ရေးနှင့် ပြည်ထဲရေး အကြံပြုချက်အရ ရွေးကောက်ပွဲမလုပ်မည့်နေရာ ကြေညာဟု ကော်မရှင် ရှင်းလင်း    
DVB
·
October 20, 2020
၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့နေရာတွေကို ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့တာဟာ ကော်မရှင်ရဲ့သဘောဆန္ဒတစ်ခုတည်းနဲ့ ဆောင်ရွက်ခဲ့တာ မဟုတ်ဘဲ ကာကွယ်ရေးနဲ့ ပြည်ထဲရေးအပါအဝင် သက်ဆိုင်ရာဌာနတွေနဲ့ ဒေသကော်မရှင်အဖွဲ့ခွဲတွေရဲ့ အကြံပြုချက်တွေအရ ဆောင်ရွက်ခဲ့တာလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ နေရာတွေ ကို အောက်တိုဘာ ၁၆ ရက်က အမိန့်စာ ထုတ်ပြန်ပြီးကြေညာခဲ့တာပါ။ ဒီကြေညာချက်အပေါ်မှာ ဝေဖန်မှုတွေရှိနေတဲ့ အပေါ် ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြန်လည်ဖြေရှင်းခဲ့တာဖြစ်ပါတယ်။ “ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန စတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေထံက အကြံပြုချက်တွေယူတယ်။ ပြီးတော့ ဒေသကော်မရှင်အဖွဲ့ခွဲတွေရဲ့ တင်ပြချက်တွေ အတိုင်း ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီလို လုပ်ရာမှာ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ တစ်ဦးတည်း သဘောဆန္ဒနဲ့ ဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး ”လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။ လာမယ့်ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေကို ကော်မရှင်က ထုတ်ပြန်ကြေညာရာမှာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက အန်အယ်လ်ဒီပါတီ အနိုင်မရခဲ့တဲ့နယ်မြေပါဝင်နေတဲ့ အပေါ်မှာလည်း ဝေဖန်မှုတွေရှိနေခဲ့တာပါ။ ဒါ့အပြင် ချင်းပြည်နယ် ပလက်ဝမှာ ရွေးကောက်ပွဲကျင်းပတာနဲ့ ဒေသအေးချမ်းတည်ငြိမ်တဲ့ နေရာတချို့မှာ ရွေးကောက်ပွဲမကျင်းနိုင်တာတွေနဲ့ ပတ်သက်ပြီးလည်း ဝေဖန်ထောက်ပြတာ တွေရှိပါတယ် ။ “ အမ်းနဲ့ ပတ်သက်ပြီးတော့ ပြန်လည်စိစစ်မှုတွေလုပ်နေတယ်။စိစစ်ပြီးရင် ပြန်လည်ထုတ်ပြန်ကြေညာသွားဖို့ရှိပါတယ်။ ပလက်ဝနဲ့ ပတ်သက်ပြီးတော့လည်း ပြန်လည်ကြေညာသွားဖို့ရှိနေပါတယ် ” လို့  ဦးမြင့်နိုင်က ပြောပါတယ်။ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းထဲက နယ်မြေတချို့မှာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေမရှိတဲ့အတွက်  ရွေးကောက်ပွဲ ကျင်းပမှာမဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားတာပါ။  ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဘူးလို့ ထုတ်ပြန်လိုက်တဲ့ မြို့နယ်တွေမှာ ရခိုင်ပြည်နယ်က မြို့နယ် ၉ နဲ့ တခြား မြို့နယ် ၄ မြို့နယ်က ရပ်ကွက်ကျေးရွာ အုပ်စု ၁၅၂ အုပ်စု၊ ကချင်ပြည်နယ်က မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာ အုပ်စု ၁၉၂ အုပ်စု၊ ကရင်ပြည်နယ်က မြို့နယ် ၆ မြို့နယ်ရှိ ကျေးရွာအုပ်စု ၅၃ အုပ်စု ပါဝင်နေတာပါ။ ဒါအပြင် ရှမ်းပြည်နယ်က မြို့နယ် ၆ မြို့နယ်နဲ့ တခြားမြို့နယ် ၁၇ ခုမှ ရပ်ကွက်ကျေးရွာ အုက်စု ၁၅၁ အုပ်စုနဲ့ မွန်ပြည်နယ်က ကျေးရွာအုပ်စု ၁ စုနဲ့ ပဲခူးတိုင်းက မြို့နယ် ၂ ခုက ကျေးရွာ အုပ်စု ၄၂ အုပ်စု ပါဝင်နေတာပါ။ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပြန်သုံးသပ်ပြင်ဆင်ပေးဖို့ တိုင်းရင်းသား ၅ ပါတီဖြစ်တဲ့  ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသာ းဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မွန်ညီညွတ်ရေးပါတီတို့ကလည်း  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တောင်းဆိုထားပါတယ်။ ဒါ့အပြင် တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၃ ပါတီနဲ့ ဖွဲ့စည်းထားတဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA) အဖွဲ့ကလည်း  ပြင်းထန်စွာ ကန့်ကွက်ကြောင်း အောက်တိုဘာ ၁၉ ရက်က  ထုတ်ပြန်ကြေညာထားပါတယ်။ သတင်း - ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024