ဒေါ့မွန် စီအီးအို စကားကြောင့် ဆန်ချိုကို ခေါ်ယူနိုင်ရန် မန်ယူနိုက်တက်အသင်း ပြန်မျှော်လင့်

အသင်းမှာ မရောင်းဘူးလို့ သတ်မှတ်ထားတဲ့ ကစားသမားမရှိဘူးဆိုတဲ့ ဒေါ့မွန် စီအီးအိုရဲ့ ပြောစကား‌ကြောင့် ဆန်ချိုကို ခေါ်ယူဖို့အတွက် မန်ယူနိုက်တက်အသင်းရဲ့ မျှော်လင့်ချက်တွေဟာ တဖန် ပြန်လည်မြင့်တက်လာခဲ့ရပါတယ်။  အသက် ၂၀ သာရှိသေးတဲ့ အင်္ဂလန် တောင်ပံကစားသမားဟာ မန်ယူနိုက်တက်အသင်းရဲ့ ရာသီပစ်မှတ် ကစားသမားဖြစ်ခဲ့ပြီး အသင်းကို ပြောင်းရွှေ့ဖို့အတွက်လည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုအထိ ရရှိခဲ့ပြီး ဖြစ်ပါတယ်။  ဒါပေမဲ့ ဆန်ချိုရဲ့ လက်ရှိအသင်းဖြစ်တဲ့ ဒေါ့မွန်က ကစားသမားကို ခေါ်ယူဖို့အတွက် အချိန် သတ်မှတ်ခဲ့သလို ပြောင်းရွှေ့ကြေးကိုလည်း ပေါင် ၁၀၈ သန်းလို့ ဈေးခေါ်ခဲ့ပါတယ်။  ဒါကြောင့် မန်ယူနိုက်တက်ဘက်က ဒေါ့မွန်ဘက်‌က ဈေးကိုင်နေတယ်လို့ ယူဆခဲ့ကာ အပြောင်းအရွှေ့ကိစ္စအတွက် အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပုံရပါတယ်။ ဆန်ချိုရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်လို့ အသင်းအပေါ်  အထင်မှားခဲ့ကြတယ်လို့ ဒေါ့မွန်အသင်းရဲ့ စီအီးအို ဟန်းစ်ဂျိုအာချင်ဝက်ဇ်ကီက ပြောခဲ့ပါတယ်။  ကစားသမားတိုင်းကို သတ်မှတ်ထားတဲ့ ဈေးရရှိရင် ရောင်းထုတ်သွားမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ မန်ယူနိုက်တက်အသင်းလို့ နာမည်တပ် ပြောဆိုခဲ့တာမျိုး မဟုတ်ပေမဲ့ ဒါဟာ မန်ယူနိုက်တက်နဲ့ ဆန်ချိုရဲ့ အပြောင်းအရွှေ့ကိစ္စကို ရည်ညွှန်းတာမျိုး ဖြစ်ပါတယ်။ “(သူတို့က) အခြေအနေကို မှားယွင်းစွာ အဓိပ္ပာယ်ကောက်ခဲ့ပါတယ်။ ကျနော်တို့မှာ ဆုံးဖြတ်ထားပြီးသား ကိစ္စတွေရှိနေပြီး လာမယ့်နွေရာသီမှာလည်း ဒီအတိုင်းပဲ ဆက်သွားပါမယ်။ ဒီလောကထဲမှာ ခင်ဗျားအနေနဲ့ ဘယ်ကစားသမားကိုမှ မရောင်းနိုင်ဘူးလို့ ပြောလို့မရပါဘူး။ ဆန်ချို အသင်းပြောင်းသွားပြီဆိုတဲ့ သတင်းတွေကို ကျနော် ခဏခဏ ကြားခဲ့ရပါတယ်။ ဒါပေမဲ့ အခု သူက ဒေါ့မွန်အသင်းမှာ ရှိနေဆဲပါ။ ကစားသမားနဲ့ ကျနော်တို့ကြားမှာ သဘောတူညီမှုတွေ ရှိနေပါတယ်” လို့လည်း သူက ပြောပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဆန်ချိုကို မခေါ်ယူနိုင်ခဲ့တာကြောင့် အာမတ်ဒီရယ်လိုနဲ့ ဖာကန်ဒိုပယ်လီစတီတို့ကို အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ခေါ်ယူခဲ့ပါတယ်။  ဒီကစားသမား ၂ ဦးစလုံးဟာ ညာတောင်ပံ တိုက်စစ်သမားတွေပါ။ ဒါပေမဲ့လည်း ဆန်ချိုဟာ မန်ယူနိုက်တက်အသင်းရဲ့ ထိပ်တန်းပစ်မှတ်ကစားသမားအဖြစ် ရှိနေဆဲလို့ ယူဆရပြီး အသင်းဘက်က လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာလည်း သူ့ကို ခေါ်ယူဖို့ ကြိုးစားသွားဖွယ် ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up