ရွှေဘိုတွင် ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၅ ဦးထပ်တိုး
DVB
·
October 19, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်မှာ အောက်တိုဘာ ၁၈ ညပိုင်းက ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၅ ဦး တွေ့ရှိခဲ့ပြီး ၂ နှစ်အရွယ်ကလေးတစ်ဦးပါဝင်နေတယ်လို့ ရွှေဘိုတက္ကသိုလ် ကွာရန်တင်းစင်တာ တာဝန်ရှိသူ ဦးစိုးမြင့်အောင်က ပြောပါတယ်။
ပိုးတွေ့လူနာ ယာဉ်မောင်းတစ်ဦးနဲ့ ထိတွေ့ခဲ့သူတွေကို သတ်မှတ်နေရာမှာအသွားအလာ ကန့်သတ်ထားရှိပြီး အောက်တိုဘာ ၁၆ ရက်က စုစုပေါင်း ၄၅ ဦးကို ဓာတ်ခွဲနမူနာရယူစစ်ဆေးရာ ၅ ဦးမှာပိုးတွေ့ရှိခဲ့တာလို့ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုခရိုင်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းလဲ့လဲ့ထွေးရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
ပိုးတွေ့လူနာတွေအထဲက ၂ နှစ်အရွယ် ကလေးမှာ အခုအချိန်ထိ ကျန်းမာရေးကောင်မွန်နေပြီး ကလေးရောမိခင်ပါ ကွာရန်တင်းစင်တာကနေ ရွှေဘိုသူနာပြုနှင့် သားဖွားသင်တန်းကျောင်းယာယီဆေးရုံမှာ ပြောင်းရွှေ့ ဆေးကုသမှုခံယူနေ တယ်လို့ ဒေါက်တာဝင်းလဲ့လဲ့ထွေးကပြောပါတယ်
ရွှေဘိုမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၈ ဦးရှိပြီး ၁၀ ဦးက ဆေးရုံမှဆင်းသွားပြီဖြစ်ပြီး အခု ပိုးတွေ့လူနာတွေ အားလုံးကို သူနာပြုနှင့်သားဖွား သင်တန်းကျောင်း ယာယီဆေးရုံသို့ ပြောင်းရွေ့ကုသမှုပေးနေပါတယ်။