Home
မြန်မာသတင်း
ကယားပြည်နယ်၏ နိုင်ငံရေးကို လူငယ်နှင့် အမျိုးသမီးများဖြင့် ပြန်လည်တည်ဆောက်မည်
နော်နိုရင်း
·
October 19, 2020
ရွေးကောက်ပွဲမှာ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ လူငယ်၊ အမျိုးသမီးနဲ့ ကယားပြည်နယ်ရဲ့ နိုင်ငံရေးကို ပြန်ပြီး တည်ဆောက်မှာဖြစ်သလို အုပ်ချုပ်ရေးယန္တရားမှာ ကိုယ့်ဒေသက လူတွေ ပြန်ပါလာအောင်လုပ်ဆောင်မယ်လို့ လူငယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မအယ်ဗလင်းက ပြောပါတယ်။ မအယ်ဗလင်းဟာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကနေ  ဖရူဆိုမြို့နယ်မှာ  ကယား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ လူငယ်အမျိုးသမီး တစ်ဦးဖြစ်ပြီး  အောက်တိုဘာ ၁၇ ရက်နေ့က ဖရူဆိုမြို့နယ်အနောက်ခြမ်းရှိ ဘီယာကျေးရွာက ပြည်သူတွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့တာပါ။ “ပြီးခဲ့တဲ့နှစ်တွေထဲမှာ ထွေအုပ်ကနေပြီးတော့အမှ အလုပ်ခေါ်တယ်။ လေး ငါးယောက်ပဲ ခေါ်တယ်။ ကျမတို့ဒေသမှာရှိတဲ့ ၁၀ တန်းအောင် လူငယ်လူရွယ်အယောက် ၂၀၀၀ သွားလျှောက်တယ်။ လေး ငါးယောက်ပဲ ခေါ်တယ်။ အောက်ခြေဝန်ထမ်းအဆင့်ကို ကျမတို့ကို ခေါ်ပေးတယ်။ နည်းနည်းလေးပဲရှိတယ်။ အဆင့်မြင့်တဲ့ဝန်ထမ်းတွေကို ပြည်မကနေ သယ်လာတယ်။ ပြီးရင် ကျမတို့ တိုင်းရင်းသားတွေကို သူတို့ လာအုပ်ချုပ်ပေးတာပါ ဖြစ်နေတယ်။ ဒီနေ့ဒီအချိန်မှာ ဒါကို ကျမတို့ ပြန်ပြီးတော့မှ စဉ်းစားရတော့မယ်။ ကျမတို့ လူငယ်လူရွယ်တွေ စာကြိုးစားပြီးတော့မှ ကိုယ့်ပြည်နယ်ကို ကိုယ်ပြန်အုပ်ချုပ်မယ့် နည်းလမ်းတွေကို ကိုယ်ရှာရတော့မယ်။ ဒါကြောင့်မို့ ကျမက ရွေးကောက်ပွဲကို နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ လူငယ်နဲ့အမျိုးသမီးနဲ့ ပြည်နယ်ရဲ့ နိုင်ငံရေးကို ပြန်ပြီးတော့မှ တည်ဆောက်မယ်။ အုပ်ချုပ်ရေးယန္တရားမှာ ကိုယ့်ဒေသက လူတွေ ပြန်ပါလာအောင်လုပ်ရမှာပဲ။” ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအနေနဲ့ ဖရူဆိုမြို့နယ် ဟိုယာကျေးရွာအုပ်စုမှာ ရုံးခွဲ ဖွင့်လှစ်ထားပြီး ပြည်သူတွေရဲ့အသံ နားထောင်ဖို့ ဖွင့်လှစ်ထားသလို လာမယ့်နွေမှာ လူငယ်တွေအတွက် လေ့လာရေးစင်တာဖြစ်အောင် မျှော်မှန်းလုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း မအယ်ဗလင်း က ပြောပါတယ်။ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီဟာ ပြည်နယ်မဲဆန္ဒနယ် ၃၄ နေရာထဲက နေရာ ၃၀ ကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ကျန် ၄ နေရာကတော့ သူနဲ့မဟာမိတ်ဖွဲ့ထားတဲ့ ကယန်း အမျိုးသားပါတီက ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်းအများစုဟာ ပြည်နယ်ရေးနဲ့ တောင်သူအရေး တက်ကြွလှုပ်ရှားသူတွေ ဖြစ်ကြသလို ၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ အန်အယ်လ်ဒီ ပါတီ အနိုင်ရရှိရေး ဦးဆောင်စည်းရုံးခဲ့ကြသူတွေ ဖြစ်ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024