ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာသည့် အီတလီတွင် ကန့်သတ်မှုများ တိုးမြှင့်ချမှတ်

ရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ ထပ်မံမြင့်တက်လာတဲ့ အီတလီနိုင်ငံမှာ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်တွေ တိုးမြှင့်ချမှတ်လိုက်ပါတယ်။ နှာခေါင်းစည်း mask တပ်ဆင်ထားတဲ့ အီတလီဝန်ကြီးချုပ် ဂူဆက်ပီကွန်တေးက အခုလို ကန့်သတ်ထိန်းချုပ်မှုစည်းမျဉ်းတွေဟာ “လော့ခ်ဒေါင်းအသစ် ထပ်မံချမှတ်ခံရမှုမျိုးကနေ ရှောင်ကြဉ်နိုင်ဖို့” ဖြစ်တယ်လို့ ဆိုပါတယ်။ ကန့်သတ်ထိန်းချုပ်မှု စည်းမျဉ်းအသစ်တွေအရ ည ၉ နာရီနောက်ပိုင်း အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေကို သွားလာမှုတွေ ပိတ်ပင်လိုက်သလို စားသောက်ဆိုင်တွေ၊ လူစုလူဝေးနဲ့ သွားလာမှုတွေကိုပါ ပိတ်ပင်ထားမြစ်လိုက်တာ ဖြစ်ပါတယ်။ ဒါဟာ အီတလီနိုင်ငံမှာ တရက်တည်း စံချိန်တင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အရေအတွက် မြင့်တက်ခဲ့တဲ့နောက် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၈ ရက်တရက်တည်းမှာတင် အီတလီနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၁၁,၇၀၅ ယောက်ရှိနေခဲ့ပြီး အဲဒီနေ့မတိုင်ခင် တရက်ကတော့ ၁၀,၉၂၅ ယောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ အီတလီနိုင်ငံဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဥရောပနိုင်ငံတွေထဲမှာ အဆိုးဝါးဆုံး ထိခိုက်ခဲ့တဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူအရေအတွက် ၄၁၄,၀၀၀ ယောက်နဲ့ သေဆုံးသူ ၃၆,၅၀၀ ယောက်နဲ့ ဥရောပမှာ သေဆုံးမှုဒုတိယ အများဆုံးနိုင်ငံ ဖြစ်နေခဲ့တာပါ။ ဝန်ကြီးချုပ်က အောက်တိုဘာ ၁၈ ရက်က ရုပ်သံကနေ ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာတော့ “ကျနော်တို့ အချိန်တွေ ထပ်မဖြုန်းနိုင်တော့ပါဘူး။ လော့ခ်ဒေါင်းထပ်မလုပ်ရစေဖို့ ကန့်သတ်ထိန်းချုပ်မှုတွေ ချမှတ်ရပါမယ်။ အစိုးရဘက်က ဒီမှာအသင့်ရှိနေပါတယ်၊ ဒါပေမဲ့ ပြည်သူတွေက လုပ်ဆောင်ရမယ့် အရာတွေကို လုပ်ရပါမယ်။ အရေးအကြီးဆုံး အပိုင်းတွေထဲမှာ အခြေခံလိုက်နာစရာတွေဖြစ်တဲ့ နှာခေါင်းစည်း Mask တပ်ဆင်တာ၊ လူစုလူဝေး ရှောင်ကြဉ်တာနဲ့ လက်ဆေးတာမျိုးတွေ တကိုယ်ရေ ကျန်းမာရေးအသိတွေပါပဲ။ ကျနော်တို့ ဒီအခြေအနေမှာ အမြင့်မားဆုံး ကြိုတင်ကာကွယ်လိုက်နာဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။ မဖြစ်မနေ လိုက်နာကြရမယ့် ကန့်သတ်ထိန်းချုပ်မှုအသစ်တွေထဲမှာတော့ စားသောက်ဆိုင်တွေ၊ ဘားတွေမှာ လူ ၆ ယောက်ထက် ပိုပြီးစုဝေးစားသောက်မှုတွေကို ခွင့်ပြုတော့မှာ မဟုတ်ဘဲ ညနေ ၆ နာရီနောက်ပိုင်းမှာဆိုရင် ဆိုင်ထိုင်စားသောက်မှုတွေကို မဖြစ်မနေ Table Service နဲ့သာ ခွင့်ပြုဖို့တွေ ပါဝင်နေတာပါ။ တခြားကန့်သတ်မှုတွေအနေနဲ့ ည ၉ နာရီနောက်ပိုင်းမှာ အများပြည်သူနဲ့ဆိုင်တဲ့ ပန်းခြံလို၊ ရင်ပြင်လိုနေရာတွေ၊ လမ်းတွေကို ပိတ်ထားမှာဖြစ်သလို အပျော်တမ်း အားကစားပြိုင်ပွဲတွေကို ရပ်ဆိုင်းဖို့၊ ပါတီတွေ၊ ပွဲတော်တွေ၊ တခြားသော အများပြည်သူနဲ့ဆိုင်တဲ့ ကွန်ဖရင့်တွေ၊ ကွန်ဗင်းရှင်းတွေကို ဆိုင်းငံ့ထားဖို့တွေ ပါဝင်နေပါတယ်။ နောက်ပြီး အထက်တန်းကျောင်းတွေ၊ တက္ကသိုလ်တွေရဲ့ စာသင်ချိန်တွေကို ရွှေ့ဆိုင်းလိုက်ပြီး အဝေးရောက်အွန်လိုင်းသင်ခန်းစာနဲ့ သင်ကြားမှုတွေကို ပိုတွန်းအားပေး လုပ်ဆောင်ဖို့ ဝန်ကြီးချုပ်က ပြောပါတယ်။ လတ်တလောမှာတော့ ဒီကန့်သတ်ထိန်းချုပ်မှုတွေကို ချမှတ်ဆဲကာလဖြစ်ပြီး အားကစားရုံတွေ၊ ရေကူးကန်တွေ စတဲ့ နေရာတွေနဲ့ဆိုင်တဲ့ ပိတ်ပင်ကန့်သတ်ချက်တွေကိုတော့ ခုသီတင်းပတ်အတွင်းမှာ လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ ကန့်သတ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ထိန်းချုပ်မှုအသစ်အရ အောက်တိုဘာ ၁၈ ရက်နေ့ ည ၁၂ နာရီကနေ လာမယ့် နိုဝင်ဘာ ၁၃ ရက်နေ့အထိ လိုက်နာကြဖို့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up