ထိုင်းဆန္ဒပြသူများ ဘန်ကောက်ရှိ အဓိကလမ်းဆုံများကို သိမ်းပိုက်

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်က အဓိကလမ်းဆုံတွေကို အောက်တိုဘာ ၁၈ရက်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ ထောင်ချီက သိမ်းပိုက်ထားခဲ့ကြပါတယ်။ ဆန္ဒပြမှုကို တားမြစ်ပိတ်ပင်တဲ့ အရေးပေါ် အခြေအနေအမိန့်ကို အောက်တိုဘာ ၁၅ ရက်မှာ အစိုးရက ထုတ်ပြန်ခဲ့ပေမယ့် အာခံပြီး ဆက်ဆန္ဒပြနေတာ ၄ ရက်ရှိပါပြီ။ အာဏာရှင်စနစ် ကျဆုံးပါစေ၊ စည်းမျဉ်းခံ ဘုရင်စနစ် ပြောင်းလဲပစ် စတဲ့ ကြွေးကြော်သံတွေကိုလဲ ဆန္ဒပြသူတွေက ဟစ်ကြွေးခဲ့ပါတယ်။  ၃ လကျော်ကြာ လမ်းပေါ်ချီတက် ဆန္ဒပြပွဲတွေကြောင့် ဘန်ကောက်ရဲ့ မိုးပျံနဲ့ မြေအောက် ရထား စနစ်တွေ အများအပြားကို ရပ်ထားပြီး ဘူတာတွေကို ပိတ်ထားရပါတယ်။  “လူဦးရေ သန်း ၇၀ရှိတဲ့ ထိုင်းနိုင်ငံအတွင်း ဆန္ဒပြပွဲတွေက အနယ်နယ်အရပ်ရပ်ကို ကူးစက်နေလို့ ပြသနာရှာသူတွေက အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်အသုံးချနိုင်တာကို ဝန်ကြီးချုပ်က စိုးရိမ်နေတယ် ဆန္ဒပြသူတွေကို နှိမ်နင်းဖို့ အစီအစဉ် မရှိသေးဘူး။အစိုးရက ဆန္ဒပြသူတွေနဲ့ ဆွေးနွေးချင်နေတယ်”လို့ သူ့ရဲ့ပြောခွင့်ရက ပြောပါတယ်။  ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေအပေါ် ချက်ချင်း အရေးယူတာ မလုပ်သေးပါဘူး။ ဘန်ကောက်မြို့လယ်ခေါင်က အောင်နိုင်ရေး ကျောက်တိုင် တဝိုက်မှာတင် ဆန္ဒပြသူ အယောက် သောင်းချီတယ်လို့ ရဲက ပြောပါတယ်။  ခုတော့ ထိုင်းနိုင်ငံရဲ့ ပြည်နယ် ၇၂ ခုထဲက ၁၉ ခုထက် မနည်းမှာ လူထုဆန္ဒပြပွဲတွေ ကူးစက်နေပါတယ်။  အောက်တိုဘာ ၁၃ ရက်က စပြီး ဆန္ဒပြ ခေါင်းဆောင်တွေနဲ့ နောက်လိုက်တွေ အယောက် ၈၀ကျော်ကို ရဲက ဖမ်းဆီးခဲ့ပြီး ရေအမြောက်တွေ သုံးရင်း နှိမ်နင်းပေမဲ့ ထောင်သောင်းချီနေတဲ့ လူအုပ်ကြီးကတော့ ကြံ့ကြံ့ခံ ဆန္ဒပြနေဆဲပါ။  အောက်တိုဘာ ၁၆ ညက အင်အားသုံးနှိမ်နင်းပေမဲ့ ဆန္ဒပြသူတွေဟာ လူမှုကွန်ရက်တွေကို သုံးပြီး ဆန္ဒပြတဲ့ နေရာတွေကို ပြောင်းရွှေ့ စုရုံးခဲ့ကြပါတယ်။  ဆန္ဒပြခေါင်းဆောင်တွေ အဖမ်းခံရအပြီး အရင်က လူမသိတဲ့ နောက်ထပ် ခေါင်းဆောင်တွေ ပေါ်လာပြီး ဆန္ဒပြပွဲကို ဆက်လက် ဦးဆောင် ချီတက်နေကြပါတယ်။  အောက်တိုဘာ ၁၉ ရက်မှာတော့ ဆန္ဒပြသူတွေ သုံးနေတဲ့ ဖေ့စ်ဘွတ် စာမျက်နှာ တခုနဲ့ မီဒီယာ လေးခုကို  နိုင်ငံ့လုံခြုံရေးအတွက် ခြိမ်းခြောက်မှုဆိုတဲ့ အကြောင်းပြချက်နဲ့ ရဲတွေက ပိတ်ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။  Voice TV သတင်းဌာန , Prachathai.com သတင်း website, The Reporters သတင်းဌာနနဲ့ The Standard သတင်းဌာန တို့နဲ့အတူ the Free Youth movement Facebook page တို့ကို ပိတ်ချဖို့ ရဲချုပ်က အမိန့်ထုတ်ပြီး အမျိုးသားရုပ်သံ ထုတ်လွှင့်ရေးနဲ့ တယ်လီကွန် ကော်မရှင်၊ ဒစ်ဂျစ်တယ် စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းဝန်ကြီးဌာနတို့ကို တောင်းဆိုစာ ပေးပို့ထားတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ပြောပါတယ်။  လွတ်လပ်သော လူငယ်များ လှုပ်ရှားမှု၊ သမ္မားဆတ်နဲ့ သပိတ်အတွက် ညီညွတ်သော တပ်ဦးအဖွဲ့တွေက သူတို့ကို အာဏာပိုင်တွေက ပစ်မှတ်ထား လိမ့်မယ်ဆိုတဲ့ ကောလဟလ တွေကြောင့် အဖွဲ့ဝင်တွေ အောက်တိုဘာ ၁၈ ရက်ကစပြီး ဖေ့စ်ဘွတ်ပေ့ချ်ကနေ တယ်လီဂရမ် စာတိုပို့ အပလီကေးရှင်းကို ပြောင်းသုံးကြဖို့ ပြောထားပါတယ်။  ဘဏ္ဍာရေးဝန်ကြီးဟောင်း နဲ့ လက်ရှိ ထိုင်းအစိုးရကို ဝေဖန်သူ သီရချိုင် ဖှူဗာနတ် နာရာနုဗာလကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို ရဲတွေက ပိတ်ချတဲ့အပေါ် အပြစ်တင် ဝေဖန်ပါတယ်။  တိုင်းပြည်ဟာ အာဏာရှင်စနစ်ဆီ နောက်ကြောင်းပြန်နေပြီလို့လည်း ပြောပါတယ်။ တခြားလူ တယောက်ချင်းစီရဲ့ ဖေ့စ်ဘွတ်အကောင့်တွေဟာလည်း ပစ်မှတ်သစ် ဖြစ်လာ နိုင်မလားဆိုတာ စိုးရိမ်တယ်လို့လည်း သူက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up