စစ်ကိုင်းမြို့နယ်၌ အန်အယ်လ်ဒီဝန်းရံသူများ၏ယာဉ်တန်းကို ရွာထဲအဝင်မခံသဖြင့် ခိုက်ရန်ဖြစ်ပွား

စစ်ကိုင်းမြို့နယ်၊ ကျောင်းဖြူကျေးရွာမှာ အောက်တိုဘာ ၁၈ ရက် ညနေ ၄ နာရီလောက်က ဝက်လက်မြို့နယ်၊ အောင်ချမ်းသာကျေးရွာကနေလာတဲ့ အန်အန်လ်ဒီပါတီ ထောက်ခံဝန်းရံသူတွေရဲ့ ယာဉ်တန်းကို ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့က ရွာအဝင်လမ်းကို ပိတ်ဆို့ တားမြစ်ခဲ့ရာက နှစ်ဘက် ပဋိပက္ခဖြစ်ပွားခဲ့ပြီး နယ်မြေရဲစခန်းမှာ အပြန်အလှန်အမှုဖွင့်ခဲ့ပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကို လမ်းပိတ်ဆို့မှုနဲ့ စစ်ကိုင်းမြို့ရဲခန်းမှာ မနေ့ညကသွားပြီး အမှုဖွင့်ခဲ့တာလို့ အန်အယ်လ်ဒီပါတီစည်းရုံးရေးမှာ လိုက်ပါလာတဲ့ ကိုအောင်မြတ်မင်းက ပြောပါတယ်။ “ကျနော်က တလိုင်း ကျေးရွာမှာနေတာပါ။ မနေ့က ဝက်လက်မြို့နယ်ဘက်ကနေ တလိုင်းရွာ၊ ကျောင်းဖြူရွာဘက်တွေကို ပါတီစည်းရုံးရေးအတွက် လာပြီး ယာဉ်တန်းနဲ့ လှည့်လည်ကြမယ့်အဖွဲ့ လာကြမယ်ဆိုလို့ ကျနော်က မြို့နယ်အုပ်ချုပ်ရေးရုံးကို စည်းရုံးရေးလှည့်မယ့် လမ်းကြောင်းနဲ့ ရွာနာမည်တွေကို ဖုန်းဆက်ပြီး အကြောင်းကြားခဲ့ရာမှာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက လှည့်လို့ရပါတယ်၊ ကျနော် ပြောထားလိုက်မယ်ဆိုလို့ ကျနော်တို့က ကျောင်းဖြူရွာကို ဝင်ခဲ့ကြပါတယ်။  ရွာအဝင်လမ်းရောက်တော့ ရွာရဲ့အဝင်လမ်းမကို ဆူးခက်တွေ ပါတဲ့ တံခါးနဲ့ပိတ်ဆို့ပြီး အုပ်ချုပ်ရေးမှူး သားအဖက‌နေ တုတ်တွေကိုင်ပြီး ရွာထဲမဝင်ရဘူးဆိုလို့ ပြောဆိုရာက နှစ်ဘက် စကားများကြပြီး ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့ကြပါတယ်။ အဲဒီလိုဖြစ်တော့ အုပ်ချုပ်ရေးမှူးသားမှာ ဒဏ်ရာအနည်းငယ်ရသွားခဲ့ပါတယ်။ ကျနော်တို့ဘက်မှာလည်း နည်းနည်း အရိုက်ခံခဲ့ရပါတယ်။ အဲဒါကို မကျေနပ်လို့ ကျနော်တို့က သူတို့ကို လမ်းပိတ်ဆို့မှုနဲ့ စစ်ကိုင်းမြို့ရဲခန်းကို ဒီည ၈ နာရီလောက်က သွားပြီးအမှုဖွင့်ခဲ့ပါတယ်။”  ကျောင်းဖြူရွာ အုပ်ချုပ်ရေးမှူးဘက်ကလည်း သားဖြစ်သူ ဒဏ်ရာရခဲ့သလို ကိုယ်တိုင်လည်း ထိုးကြိတ်ခံခဲ့ရလို့ အမှုပြန်ဖွင့်ထားတယ်လို့ ပြောပါတယ်။  ကျောင်းဖြူရွာ အုပ်ချုပ်ရေးမှူး ဦးစောနိုင်အေးက “ကျနော်တို့ ရွာကို  ဝက်လက်ဘက်ကနေ ပါတီစည်းရုံးရေးအဖွဲ့တွေ ဝင်လာတယ်ဆိုလို့ ကျနော်တို့က သွားကြည့်တယ်။ ကျနော်တို့ဆီကို သူတို့ လာမယ်ဆိုတာကို ဘယ်သူကမှ အကြောင်းမကြားခဲ့ဘူး။ အဲဒါကြောင့် ကျနော်က သူတို့ကို မေးတယ်။ တရားဝင်ခွင့်ပြုချက်ပါလား၊ မပါရင် ရွာထဲအဝင်မခံဘူးလို့ ပြောရာကနေ နှစ်ဘက် စကားများပြီး ရန်ဖြစ်ကြကုန်ရော။ ကျနော့်သားကို သူတို့က ဝိုင်းရိုက်ကြတယ်၊ နဖူးကွဲသွားပါတယ်။ ကျနော့်ကိုလည်း လူ ၅ ယောက်က လက်သီးတွေနဲ့ ဝိုင်းထိုးကြတယ်။ အဲဒါကို မကျေနပ်လို့ စစ်ကိုင်းမြို့မရဲစခန်းကို ကျနော်တို့ သွားရောက်ပြီး အမှုဖွင့်တယ်” လို့ ပြောပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့ရုံးကို ဆက်သွယ်မေးမြန်းရာမှာ  နှစ်ဘက်စလုံးကအမှုကို ကျေအေးပြီး  ခံဝန်ထိုးခိုင်းကာ  ပြန်သွားပြီလို့  စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှူး  ရဲမှူးစိုးမိုးနိုင်က ပြောပါတယ်။ “ရန်ဖြစ်ကြတာတော့ ဟုတ်ပါတယ်။ နှစ်ဘက်စလုံးက ကျနော်တို့ဆီကို အမှုလာဖွင့်ကြတယ်။ ရန်ဖြစ်ကြတဲ့ နှစ်ဘက်လုံးက တရွာတည်းသားတွေ ဖြစ်နေကြလို့ သူတို့အချင်းချင်း ရဲစခန်း ရောက်တော့ ကျေ‌အေးသွားကြတယ်။ နှစ်ဘက်စလုံး နောက်နောင်ဒီလို ရန်မဖြစ်ကြဖို့အတွက် နှစ်ဘက်စလုံး ခံဝန်ထိုးခိုင်းပြီး သူတို့ ပြန်သွားကြပါတယ်။” အဆိုပါ အန်အယ်လ်ဒီပါတီ အောင်နိုင်ရေးလှည့်လည်ရာမှာ ထော်လာဂျီ ၃ စီး၊ ဆိုက်တွဲယာဉ် ၁ စီး၊ ဆိုင်ကယ် ၅ စီး ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။ သတင်း - ရဲနိုင်ဆွေ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up