A d v e r t i s e m e n t With Us

ဗန်ဒိုက်ဒဏ်ရာကြောင့် လီဗာပူးအသင်း ချန်ပီယံမျှော်လင့်ချက် ထိခိုက်လာနိုင်ဟု ကာရေဂါ သုံးသပ်

ဗန်ဒိုက်ရဲ့ ဒဏ်ရာအခြေအနေဟာ လက်ရှိချန်ပီယံ လီဗာပူးအသင်းရဲ့ ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းရေး မျှော်လင့်ချက်အပေါ် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်စေတယ်လို့ ကစားသမားဟောင်း ကာရေဂါက သုံးသပ်ပါတယ်။  ဗန်ဒိုက်ရဲ့ဒဏ်ရာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုဟာ ပိုပြီးပြင်းထန် ကျယ်ပြန့်လာခဲ့ပြီလို့ သူက သုံးသပ်ပါတယ်။ ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့နှစ် လီဗာပူး ချန်ပီယံအဖြစ် ပန်းဝင်မှုမှာ အရေးပါဆုံးနေရာတခုကနေ ပါဝင်ခဲ့သူဖြစ်ပါတယ်။  ဒါပေမဲ့ သူဟာ ပြီးခဲ့တဲ့သီတင်းပတ် အဲဗာတန်နဲ့ပွဲမှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာကိုရရှိခဲ့ပြီး ဒဏ်ရာအခြေအနေကြောင့် ဘယ်တော့ဘောလုံးပြန်ကစားနိုင်မလဲဆိုတာ တိတိကျကျ မသိရသေးပေမယ့် ကာလရှည်နားယူရဖို့တော့ သေချာသလောက်ရှိနေပါတယ်။  ဒီအခြေအနေက လီဗာပူးနည်းပြ ယာဂန်ကလော့ပ်အတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်လာနိုင်ပြီး သူ့နေရာမှာ အရန်သင့် အစားထိုးနိုင်လောက်တဲ့ ကစားသမားအင်အား မတောင့်တင်းမှုကလည်း လီဗာပူးအသင်းရဲ့ ချန်ပီယံမျှော်လင့်ချက်ကို ထိခိုက်လာစေနိုင်ပါတယ်။ ဒီအခြေအနေမှာ ဗန်ဒိုက်ကို ဆုံးရှုံးရမှုအတွက် လီဗာပူးအသင်းဘက်က ဘယ်လိုတုံ့ပြန်မလဲလို့ ကာရေဂါက မေးခွန်းထုတ်ခဲ့ပြီး လီဗာပူးအသင်းရဲ့အင်အား လျော့နည်းသွားမှုက ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုကို ပိုပြီး အားကောင်းလာစေခဲ့တယ်လို့ သုံးသပ်ပါတယ်။  “အခုချိန်မှာ လူမေးအများဆုံး မေးခွန်းကိုပြရမယ်ဆိုရင်တော့ ဗန်ဒိုက်မပါဘဲ လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား ရနိုင်မလားဆိုတာပဲပေါ့။ ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းတိုင်းမှာ သူတို့ ချန်ပီယံဖြစ်မယ်လို့ စိတ်ထဲမှာ ယုံကြည်နေတဲ့ ကစားသမား ၃၊ ၄ ယောက်လောက် ရှိတတ်ပါတယ်။ အဲဒီထဲက တစ်ယောက်လောက် လျော့သွားရင် ခင်ဗျားအနေနဲ့ လူစာရင်း ဘယ်လောက်ကောင်းကောင်း၊ နည်းပြ ဘယ်လောက်ကောင်းကောင်း ဒီလျော့ကျမှုကို ပြန်ကာဗာလုပ်ဖို့ ခက်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ကျနော့်အထင် ချန်ပီယံဆုအတွက် ပြိုင်ပွဲက ပိုပြီးကျယ်ပြန့်လာခဲ့ပါပြီ။ ရာသီအစတုန်းက ဒီနှစ်မှာလည်း လီဗာပူးပဲ ဗိုလ်စွဲနိုင်တယ်လို့ ကျနော် တွေးမိခဲ့ပါတယ်။ ဒါက ဗန်ဒိုက် ဒဏ်ရာမရခင်အချိန်ကပါ။ အခုတော့ ချန်ပီယံဆုဟာ ပိုပြီးပြိုင်ဆိုင်မှုပြင်းထန်လာပါပြီ” လို့ လီဗာပူး ကစားသမားဟောင်း ကာရေဂါက သုံးသပ်ပါတယ်။ လီဗာပူးအသင်းအနေနဲ့ နောက်ခံလူတဦးဖြစ်တဲ့ လော်ဗရန်ကို အသင်းကနေ ထွက်ခွာခွင့်ပေးခဲ့တာက အသင်းရဲ့အခြေအနေကို ပိုပြီးဆိုးစေခဲ့တယ်လို့ ကာရေဂါက ထောက်ပြကာ ပြီးခဲ့တဲ့ ၂ ရာသီက အောင်မြင်မှုတွေကို ဆက်ပြီးထိန်းသိမ်းဖို့ဆိုရင် လာမယ့်ဇန်နဝါရီဈေးကွက်မှာ လူအင်အားဖြည့်တင်းမှု မဖြစ်မနေ လုပ်ဆောင်ရမယ်လို့ ကာရေဂါက အကြံပြုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up