Home
မြန်မာသတင်း
ရခိုင်ရွေးကောက်ပွဲ လွတ်လပ်ပြီးတရားမျှတမှုမရှိနိုင်ဟု စောင့်ကြည့်လေ့လာရေးအဖွဲ့ ပြော
DVB
·
October 19, 2020
ရခိုင်ပြည်နယ်က မြို့နယ်အချို့မှာ ရွေးကောက်ပွဲ ကျင်းပခွင့်မရတာကြောင့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမှာ မဟုတ်ဘူးလို့ ရခိုင်ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။ ရခိုင်ပြည်နယ်က မြို့နယ်အချို့မှာ ရွေးကောက်ပွဲ ကျင်းပတော့မှာမဟုတ်ကြောင်း ကော်မရှင်က အောက်တိုဘာ ၁၆ ရက်နေ့ ထုတ်ပြန်ခဲ့တဲ့အပေါ် ရခိုင်ပြည်နယ် ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ ညှိနှိုင်းရေးမှူး ကိုအောင်နိုင်က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားလိုက်တာပါ။ “များသားအားဖြင့် ရခိုင်ပြည်မြောက်ပိုင်း ၉ မြို့နယ်ဟာဆိုရင် ရခိုင်အမျိုးသားပါတီတွေ ရခိုင်ကို ကိုယ်စားပြုတဲ့ပါတီတွေ နိုင်လေ့နိုင်ထရှိတဲ့ မဲဆန္ဒနယ်မြေတွေ ဖြစ်တယ်။ ဒီနယ်မြေတွေကို ရွေးကောက်ပွဲမလုပ်ဘဲနဲ့ ဒီတောင်ပိုင်း မြန်မာပြည် ပြည်မဘက်က ပါတီတွေ အားကောင်းတဲ့နေရာတွေကို ကွက်ပြီး ရွေးကောက်ပွဲလုပ်သွားတဲ့အပေါ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလုပ်နိုင်မလားဆိုတာကို ကျနော်တို့ သံသယဖြစ်ပါတယ်။ နောက် ရခိုင်မှာ ပေါက်တောမြို့နယ်ဟာ စစ်ပွဲလည်း မရှိဘူး၊ ဘာပဋိပက္ခလည်း မရှိဘူး၊ နောက်ပြီး တပ်မတော်တပ်ရင်းတွေ ထိုင်တာလည်း မရှိဘူး၊ ဒီနေရာတွေကို ကွက်ပြီးတော့ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူး၊ လုံခြုံရေးမပေးနိုင်ဘူး၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမလုပ်နိုင်ဘူးလို့ ပြောတယ်။ တဖက် ပလက်ဝမြို့နယ်ဟာ ၂၀၂၀ အတွင်းမှာ တိုက်ပွဲဖြစ်ပွားတဲ့ အကြိမ်ရေက ကျနော်တို့ ရခိုင်ပြည်ထက်ကို အကြိမ်ရေများတဲ့ နေရာဖြစ်တယ်၊ ဒီနေရာကို ရွေးကောက်ပွဲ လုပ်နိုင်တယ်ဆိုတော့ ဒါဟာ လွတ်လပ်ပြီးတရားမျှတဲ့ ရွေးကောက်ပွဲအပေါ်မှာ ကျနော်တို့က မေးခွန်းထုတ်ချင်ပါတယ်၊ တကယ်မျှတပါမလား။” ရခိုင်က မြို့နယ်အချို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တာကြောင့် တိုက်ပွဲဖြစ်ပွားရာ နေရာတွေက ပြည်သူတွေရဲ့ လူအခွင့်အရေးချိုးဖောက်ခံနေရတာတွေကို တင်ပြဖော်ထုတ်ခွင့် ဆုံးရှုံးသွားသလို ပိုပြီးတော့ တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ ဒါရိုက်တာ ကိုကျော်ဆန်းနိုင်က ပြောပါတယ်။ “ဥပမာ အင်တာနက်မပိတ်တဲ့အချိန်မှာ စစ်ပွဲဖြစ်သေးတယ်၊ အင်တာနက်ပိတ်ပြီးတဲ့ အချိန်မှာလည်း တိုက်ပွဲတွေက ပိုဖြစ်လာတာပေါ့၊ ပြည်သူလူထု ပိုပြီးတော့ ဒဏ်ရာရတယ်၊ ပိုပြီးတော့ စစ်ရှိန်ကပို မြင့်လာတာပေါ့။ ကျနော်တို့ အခုက စိုးရိမ်တဲ့ဟာကလေ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးဆိုရင် ရခိုင်ပြည်မှာ အခုထက်ပိုပြီးတော့ စစ်ပွဲတွေက ပိုဖြစ်လာမလားဆိုတာကို ကျနော်တို့ဘက်ကနေပြီး ထင်မြင်မိတာပေါ့။” သတင်းစာရှင်းလင်းပွဲကို ရခိုင်ပြည်နယ်ရှိ အရပ်ဘက်အဖွဲ့အစည်း ၄ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာစောင့်ကြည့်လေ့လာရေးအဖွဲ့က လုပ်ဆောင်ခဲ့တာပါ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်က ၉ မြို့နယ်မှာ ရွေးကောက်ပွဲ မကျင်းပရတဲ့ အကြောင်းအရင်းကို တိတိကျကျ ထုတ်ပြန်ချပြစေချင်တာလို့ အခုလို ရှင်းလင်းပွဲလုပ်တာလို့ ရခိုင်ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာစောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။ သတင်း- နောင်နောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024