လက်ပံတန်းတွင် ဆိုင်ကယ်နှင့်ကားတိုက်မိသဖြင့် ရဲတပ်သား ၂ ဦး သေဆုံး
DVB
·
October 18, 2020
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ မနေ့ညပိုင်းက ဦးထုပ်မပါဘဲ ဆိုင်ကယ်စီးလာတဲ့ ရဲတပ်သား ၂ ယောက် ကားနဲ့တိုက်မိပြီး နေရာမှာပဲ သေဆုံးသွားပါတယ်။
အောက်တိုဘာ ၁၇ ရက် ည ၆ နာရီခွဲလောက်က လက်ပံတန်းမြို့နယ်၊ တော်လသရွာ မြစ်မခတံတားပေါ်မှာ ဖြစ်ခဲ့တာလို့ အစိုးရသတင်းစာမှာ ဖော်ပြထားပါတယ်။
ပြည်ခရိုင်အကူတပ်ဖွဲ့ခွဲက အသက် ၂၄ နှစ်အရွယ် ရဲတပ်သား သန့်ဇော်မျိုး မောင်းနှင်ပြီး အသက် ၂၃ နှစ်အရွယ် ရဲတပ်သားကံဖူးအောင်လိုက်ပါလာတဲ့ Scoppy ဆိုင်ကယ်နဲ့ သာရဝေါမြို့နေ အသက် ၂၉ နှစ်အရွယ် ကိုစိုးမိုးကျော် မောင်းလာတဲ့ FAW ကား မျက်နှာချင်းဆိုင်တိုက်မိတာဖြစ်ပါတယ်။
ရဲတပ်သား ၂ ယောက်ဟာ ယူနီဖောင်းဘောင်းဘီနဲ့ အရပ်ဝတ်အင်္ကျီဝတ်ထားပြီး ဆိုင်ကယ်စီး ဦးထုပ်မပါဘဲ သူတို့မိသားစုနေထိုင်ရာ လက်ပံတန်းမြို့နယ်၊ ခမုံဆိပ်တာ အနောက်ရွာကို လာတာလို့ ဖော်ပြထားပါတယ်။
တိုက်မိပြီး ဆိုင်ကယ်မှောက်လို့ ရဲတပ်သားသန့်ဇော်မျိုးမှာ ဘယ်ဘက်ချိုင်းအောက် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ရဲတပ်သားကံဖူးအောင်မှာ ဘယ်ဘက်ချိုစောင်း စုတ်ပြဲဒဏ်ရာ၊ ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာတွေရပြီး ၂ ယောက်လုံး နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
ဒါကြောင့် မော်တော်ယာဉ်မောင်း စိုးမိုးကျော်နဲ့ ဆိုင်ကယ်မောင်းသူ ရဲတပ်သား သန့်ဇော်မျိုး တို့ကို ခမုံနယ်မြေရဲစခန်းမှာ ပေါ့လျော့တာကြောင့် လူသေစေမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ အမှုဖွင့်ထားပြီး ယာဉ်မောင်း စိုးမိုးကျော်ကို ဖမ်းဆီးစစ်ဆေးနေပါတယ်။