Homeမြန်မာသတင်း
မွန်တွင် ကိုဗစ်-၁၉ လူနာသစ် ၇၄ ဦး စံချိန်တင်ထပ်တိုး၊ လူနာများနှင့် ထိတွေ့သူ ၃၀၀ ခန့်ရှိ
မွန်တွင် ကိုဗစ်-၁၉ လူနာသစ် ၇၄ ဦး စံချိန်တင်ထပ်တိုး၊ လူနာများနှင့် ထိတွေ့သူ ၃၀၀ ခန့်ရှိ
DVB
·
October 18, 2020
မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၄ ဦး စံချိန်တင် တွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာတွေနဲ့ ထိတွေ့သူ ၃၀၀ နီးပါးအထိ ရှိတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၄ ဦး တွေ့ရှိခဲ့တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အောက်တိုဘာ ၁၇ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ရောဂါပိုးတွေ့ရှိမှုအရ မော်လမြိုင် သံလွင်အေး အအေးခန်းစက်ရုံရဲ့ ကိုဗစ်-၁၉ လူနာကနေတဆင့် ကိုဗစ်အတည်ပြုလူနာ ၆၇ ဦးအထိ ရောဂါပိုး ကူးစက်ခံခဲ့ရတာဖြစ်ပြီး ကျန် ကိုဗစ်လူနာ ၇ ဦးကတော့ စောင့်ကြည့်လူနာနဲ့ ကုန်တင်ကားမောင်းသူတွေ ဖြစ်တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။
ရောဂါပိုး တွေ့ရှိခဲ့တဲ့ ကိုဗစ်-၁၉အတည်ပြုလူနာ ၇၄ ဦးကို မော်လမြိုင်ပြည်သူ့ဆေးရုံနဲ့ ပြည်နယ် ကုသရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာမှာ စောင့်ကြည့်ကုသပေးနေပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၄ ဦးနဲ့ အဓိက ထိတွေ့ထားသူ ၃၀၀ နီးပါးကို မော်လမြိုင်တက္ကသိုလ် ၁၀ မြို့နယ် အဆောင်မှာ စောင့်ကြည့်ထားပြီး ရက်ပိုင်းအတွင်း ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာ စံချိန်တင်တွေ့ရှိခဲ့တဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ကိုဗစ်ရောဂါ တိုက်ဖျက်ရေးမှာ ပါဝင်လုပ်ဆောင်နေတဲ့သူတွေကို ကူညီတဲ့အနေနဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာပေးဖို့ မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက တိုက်တွန်းလိုက်ပါတယ်။
မွန်ပြည်နယ်မှာတော့ အောက်တိုဘာ ၁၈ ရက်နေ့ နေ့လယ်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၅၁၁ ဦးရှိလာခဲ့ပြီး အဲဒီထဲမှာ သေဆုံးသူ ၉ ဦး ရှိပါတယ်။
ဇော်လွင်ထွဋ်