အမျိုးသမီးစည်းကြပ်ဒိုင်၏ပခုံးအား လှမ်းဆွဲခဲ့သူ အဂွဲရိုးကို ဂွါဒီယိုလာ ကာကွယ်ပြောဆို

အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်ပွဲစဉ်မှာ အမျိုးသမီး စည်းကြပ်ဒိုင် မက်စီအဲလစ်နဲ့ ပတ်သက်တဲ့ တိုက်စစ်မှူး အဂွဲရိုးရဲ့ လုပ်ရပ်ကို မန်စီတီးနည်းပြ ဂွါဒီယိုလာက ကာကွယ်ပြောဆိုခဲ့ပါတယ်။  ဒီပွဲမှာ မန်စီတီးအသင်းက အာဆင်နယ်အသင်းကို စတားလင်းရဲ့ အစောပိုင်းသွင်းဂိုးကြောင့် ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။  အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုးဟာ ဒူးဒဏ်ရာကြောင့် ၄ လကြာအနားယူခဲ့ရပြီး ဒီရာသီ မန်စီးတီးအသင်းအတွက် ပထမဆုံးသော ပွဲထွက်ခွင့်ကို အာဆင်နယ်အသင်းနဲ့ ပွဲမှာရရှိခဲ့ပြီး အငြင်းပွားစရာ လုပ်ရပ်တခုကိုလည်း ကျူးလွန်ခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ သူဟာ စည်းကြပ်ဒိုင် မက်စီအဲလစ်နဲ့ ပြဿနာဖြစ်ပွားခဲ့ပါတယ်။ မန်စီးတီးဘက်က ရသင့်တယ်ထင်တဲ့ လက်ပစ်ဘောကို အာဆင်နယ်အသင်းထံ ပေးခဲ့တဲ့ စည်းကြပ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်ခဲ့တာပါ။ ဒီဖြစ်ရပ်မှာ အဂွဲရိုးက မက်ဆီအဲလစ်ရဲ့ ပခုံးကို အနောက်ကနေ လှမ်းဆွဲကာ စောကဒတက်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး စည်းကြပ်ဒိုင်က သူ့ရဲ့လက်ကို ပြန်ပုတ်ချခဲ့ပါတယ်။  ဒီလုပ်ရပ်နဲ့ ပတ်သက်လို့ အဂွဲရိုးဟာ အရေးယူခံရမှု မရှိခဲ့ပေမဲ့လည်း ဒီဖြစ်ရပ်ကို ပြိုင်ဘက်အသင်း ပရိသတ်တွေတင် မဟုတ်ဘဲ မန်စီးတီးပရိသတ်တွေကပါ လူမှုကွန်ရက်မှာ ဝေဖန်ခဲ့ကြပါတယ်။  “ကွင်းအတွင်း တာဝန်ရှိသူတွေနဲ့ ပတ်သက်လာရင် သူ့လက်ကို သတိထားသင့်တယ်” လို့လည်း ဂယ်ရီနဗီးလ်က တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှာ ဝေဖန်ခဲ့ပါတယ်။ ဒါပေမဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ ပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ အဂွဲရိုးနဲ့ မက်စီအဲလစ်တို့ ဖြစ်ရပ်ကို အရေးတယူလုပ်  ပြောဆိုသွားဖို့ ငြင်းဆန်ခဲ့ပြီး အဂွဲရိုးရဲ့ပုံစံကိုလည်း ကာကွယ်ပေးခဲ့ပါတယ်။   ဂွါဒီယိုလာက “ဟေ့လူတွေ၊  တော်ကြပါတော့ဗျ။ အဂွဲရိုးဟာ ကျနော်တွေ့ဖူးသမျှထဲမှာ နှစ်လိုဖွယ်အကောင်းဆုံးလူတဦးပါ။ ကျနော်တို့ တခြားပြဿနာတွေအကြောင်း ပြောလို့ရပေမဲ့ ဒီကိစ္စကိုတော့ ထားလိုက်ပါဗျာ” လို့ ပြောဆိုခဲ့ပါတယ်။ အဂွဲရိုးဟာ ဒဏ်ရာကြောင့် ဇွန်လကတည်းက အနားယူနေရသူဖြစ်ကာ ပြန်လည်ကစားနိုင်ခဲ့တဲ့အပေါ်မှာလည်း ဂွါဒီယိုလာက ကျေနပ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up