ကျနော်သာ အခုခေတ်ကလေးတွေလို အခွင့်အရေးရရင် ဘယ်သူမှတားနိုင်မှာ မဟုတ်ဘူး – မိုဗစ်

ကိုရိုနာဗိုင်းရပ်စ်ကူးစက် မပျောက်ခဲ့ရင်တောင် အင်တာမီလန်အသင်းနဲ့ ဒါဘီပွဲကို ဝင်ကစားသွားမယ်လို့ အေစီမီလန်တိုက်စစ်မှူး ဇလာတန်အီဗာဟီမိုဗစ်က အရွှန်းဖောက် ပြောခဲ့ပါတယ်။  မိုဗစ်ရဲ့မီလန်အသင်းဟာ အောက်တိုဘာ ၁၇ ရက်ညမှာ အင်တာမီလန်အသင်းနဲ့ မီလန်ဒါဘီပွဲကို ယှဉ်ပြိုင်ခဲ့ပြီး ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။  ဒီပွဲမှာမီလန်အသင်းအတွက်အနိုင်ဂိုး ၂ ဂိုးစလုံးကို မိုဗစ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ မိုဗစ်ဟာ ဒီပွဲမတိုင်ခင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး ပြန်ကစားနိုင်တဲ့ ပွဲဦးထွက်မှာတင် ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက်ကျေနပ်နေပါတယ်။  အင်တာမီလန်အသင်းအတွက်တော့ အောက်တိုဘာ ၁၇ ရက် ရလဒ်ဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း မြို့ခံပြိုင်ဘက်ကို ပထဆုံးအကြိမ် ရှုံးနိမ့်မှုအဖြစ်မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ ဇလာတန်ဟာ ဒီပွဲမှာ ဟက်ထရစ်ရဖို့ အခွင့်အရေးရှိခဲ့ပေမဲ့ ပထမဆုံးရရှိခဲ့တဲ့ ပင်နယ်တီအခွင့်အရေးကို လွဲချော်ခဲ့ပါတယ်။  ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ ဦးဆောင်ဂိုး ၂ ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး အင်တာမီလန်အ သင်းအတွက် ၁ လုံးတည်းသော ချေပဂိုးကိုတော့ တိုက်စစ်မှူး လူကာကူက သွင်းယူခဲ့တာပါ။ အသက် ၃၉ နှစ်အရွယ်  ဇလာတန်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီမီလန်အသင်းကို ပြန်လည်ရောက်ရှိ လာချိန်ကတည်းက ခြေစွမ်းပြနေနိုင်သူဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရခြင်းကလည်း သူ့ရဲ့ ခြေစွမ်းကို မရပ်တန့်နိုင်ခဲ့ပါဘူး။ “ကျနော်အရသာ ခံစားရမှု အနည်းငယ်ပျောက်ဆုံးခဲ့ပေမယ့် တခြားရောဂါလက္ခဏာတွေတော့ မရှိခဲ့ပါဘူး” လို့ ဗိုင်းရပ်စ်ကူးစက်ခံရမှုနဲ့ပတ်သက်တဲ့ မေးမြန်းမှုကို ဇလာတန်က ဖြေကြားခဲ့ပါတယ်။  “ကျနော် ၃ ရက်ဆက်တိုက်နေ့တိုင်း အာခေါင်တို့ဖတ်ယူစစ်ဆေးခဲ့ပြီး positive ပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မီလန်ဒါဘီပွဲကို ကစားနိုင်ရမယ်လို့ ကိုယ့်ကိုယ့်ကိုယ် အားပေး ခဲ့ပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ ပိုကောင်းလာတယ်ဆိုတာလည်း ဟုတ်ပါတယ်။ ပိုပြီးတော့ အတွေ့အကြုံရင့်ကျက်လာတယ်လို့ ခံစားရပါတယ်။ တကယ်လို့ ကျနော်သာ အခုခေတ်ကလေးတွေလို အခွင့်အရေးရမယ်ဆိုရင် ဘယ်သူကမှ တားဆီးနိုင်တော့မှာ မဟုတ်ပါဘူး” လို့လည်း ဇလာတန်က Sky Sport  ရဲ့မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up