Home
မြန်မာသတင်း
အန်ဒီအက်ဖ်ပါတီဝင် ဒေါ်ဘောက်ဂျာ ဖမ်းဆီးခံရ
နော်နိုရင်း
·
July 19, 2013
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်) ရဲ့ ကချင်ပြည်နယ် စည်းရုံးရေး တာဝန်ခံ လယ်သိမ်းခံရသူတွေဘက်က ကူညီဆောင်ရွက်ပေးနေတဲ့ ဒေါ်ဘောက်ဂျာကို မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့က ဇူလိုင် ၁၈ ရက်နေ့ညနေပိုင်းမှာ နေအိမ်ကနေ ဖမ်းဆီးသွားပါတယ်။ မြစ်ကြီးနားမြို့ အမှတ် ၂ ရဲစခန်းက ဒေါ်ဘောက်ဂျာကို အမှု ၃ ခုနဲ့ တရားစွဲဆို ထားတယ်လို့  အန်ဒီအက်ဖ်ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။ “၂၀၁၁ ခုတုန်းက တရားခံပြေးပေါ့ အဲဒီအမှုနဲ့ ဖမ်းထားတယ်။ သူက လျှောက်ပြေးနေတာကိုး။ နောက် စစ်ကောင်စီကနေပြီးတော့ စွဲချက်ပေါ့ ပုဒ်မ ၄၁ နဲ့ စွဲထားပါတယ်။ နောက် လူသေမှု ၃၀၄ (ခ) နဲ့လည်း ကျနော်တို့ကို စွဲထားပါတယ်။ ပုဒ်မ ၃၃ နဲ့လည်း သူ့ကို ချိတ်ထားပါတယ်။ ဒါတွေကတော့ ၂၀၁၁ ခုနှစ်ထဲက ဖြစ်ခဲ့တဲ့ဟာတွေပါပဲ။ အမှန်က အဟောင်းတွေကို အခုမှ ပြန်ဖော်တာပဲ။ ဘာကြောင့်ဖော်တယ်ဆိုတာတော့ ကျနော်လည်း သေချာ မသိသေးပါဘူး။” ဒေါ်ဘောက်ဂျာကို မိုးကောင်းကနေတဆင့် ဖားကန့်အချုပ်ခန်းကို ပို့ဆောင်ထားပါတယ်လို့ ဆိုပါတယ်။ အမှုကိစ္စနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် အမှတ် ၂ ရဲစခန်းကို တာဝန်မှူး ဒုရဲအုပ် ခင်မောင်ဇော်က “ဟုတ်တယ် ကျနော်လည်း ကောင်းကောင်း မသိလိုက်ဘူး။ ကျနော် မနေ့က ဒီကနေပြီးတော့ ဗန်မော်မှာ တရားခံသွားခေါ် ဒီနေ့ မနက်မှာ ရောက်လာတယ်။ ဘယ်သူဖမ်းတယ်၊ ဘယ်သူထွက်တယ် ကျနော် ကောင်းကောင်းမသိဘူး၊ ဖမ်းတာတော့ ဖမ်းသွားတယ်” လို့ပြောပါတယ်။ ဒေါ်ဘောက်ဂျာကို ကူညီပေးတဲ့ ရှေ့နေဦးမြင့်သွင်က ဒေါ်ဘောက်ဂျာဟာ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်လောက်က ဖားကန့်မြို့နယ်ထဲက ရွာတရွာမှာ လက်မှတ်မရှိဘဲ ဆေးကုသခဲ့လို့ဆိုပြီး တရားစွဲဆိုခံထားရတာလို့ ပြောပါတယ်။ “သူ့ကို စွဲထားစဉ်တုန်းက ရွာမှာ သူက မူကြိုကျောင်း ဖွင့်ပေးတယ်။ ရွာက နားမကျန်လူတွေကို ဆေးကုပေးတယ်။ သူ့ရဲ့မောင်နဲ့ ညီမတွေက ဆရာဝန်တွေ၊ နပ်(စ်) မတွေ ရှိတယ်ခင်ဗျ။ အဲလိုဆေးခန်းလေးတွေရှိတော့ သူက ကုပေးပါတယ်ဆိုပြီးတော့ စွပ်စွဲပါတယ်။ အရေးပေါ်ဖြစ်နေတဲ့ လူနာကို ဆေးထိုးပေးလို့ သေသွားပါတယ်ဆိုပြီးတော့ အဲလို လူနာသေသွားတာနဲ့ ပတ်သက်ပြီးတော့ ဒေါ်ဘောက်ဂျာက ဆေးလက်မှတ် မရှိဘဲနဲ့ ကုပါတယ်ဆိုပြီးတော့ စွပ်စွဲတာပါ။ ကျနော် သူရဲစခန်းရောက်မှ သူနဲ့လည်း ပြောရပါတယ်။ စခန်းမှူးနဲ့လည်း ပြောရပါတယ်။ စခန်းမှူးကို ကျနော်မေးတယ်။ ကျနော်တို့ ဒီအမှုကို ရုပ်သိမ်းပြီးပြီ။ ရဲမင်းကြီးလည်း တွေ့ပြီးပြီ။ ကျနော်တို့ ဥပဒေအရလည်း ဥပဒေချုပ်နဲ့လည်း အဲဒီတုန်းက ရုပ်သိမ်းဖို့ဘာတွေ အကုန် လုပ်ပြီးပြီ။ စာတင်ပြီးပြီလို့ ပြောပါတယ်။ သူက သုံးမှုဖွင့်ထားလို့ပါတဲ့။ သူကလည်း အထက်က ခိုင်းတာမို့လို့ သူအနေနဲ့က ဘာမှ တာဝန်မရှိဘူး၊ ခေါ်ပြီးတော့ ဖားကန့်ကို ပို့ပေးရုံပါပဲတဲ့။” ဒေါ်ဘောက်ဂျာဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ဖားကန့်မြို့နယ်ကနေ ၀င်ရောက် ယှဉ်ပြိုင်ရွေးချယ်ခံခဲ့ပြီး ရှုံးနိမ့်ခဲ့ပါတယ်။ဒေါ်ဘောက်ဂျာဟာ ဟူးကောင်းချိုင့်ဝှမ်း ဒေသအတွင်းရှိ ယုဇနကုမ္ပဏီမှ စိုက်ပျိုးမြေသိမ်းယူမှုကြောင့် ဒေသခံတွေ ဆုံးရှုံးနစ်နာရတာကို ရှေ့နေအဖြစ် ဆောင်ရွက်ပေးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024