Live
Home
မြန်မာသတင်း
ပြင်ဦးလွင်မြို့နယ်တွင် ဆန္ဒမဲပေးရန် ပြင်ဆင်လျှောက်ထားသူ ၁ သောင်းခန့် ထပ်တိုး
DVB
·
October 17, 2020
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာ ဆန္ဒမဲပေးဖို့ ပြင်ဆင်လျှောက်ထားတဲ့ ပြည်သူ ၁ သောင်းနီးပါး ထပ်တိုးလာတယ်လို့ ပြင်ဦးလွင်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးကနေ သိရပါတယ်။ ပထမအကြိမ်ထုတ်ပြန်တဲ့ စာရင်းအရ မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်ပြည်သူပေါင်း ၁၇၄,၅၁၅ ဦး ရှိခဲ့ပြီး ပြင်ဆင်ခွင့်၊ ရွှေ့ပြောင်းခွင့်၊ ထပ်တိုးလျှောက်ထားခွင့်တွေ ပြုခဲ့ရာမှာ ၁၈၄,၉၃၂ ဦးအထိ ရှိလာတာလည်း ဖြစ်ပါတယ်။ ပြင်ဦးလွင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိန်ထွန်းက “အရင်တုန်းက ၁၃ ရက် ၈ လတုန်းကဆိုလို့ရှိရင် ၁၇၄,၅၁၅ ယောက်ပဲ ရှိတယ်။ နောက် တချီပြန်ပြီးတော့ ၁ ရက်နေ့ကနေပြီးတော့ ၁၄ ရက်နေ့အထိ မဲပေးမယ့်အချိန်အထိ ကြေညာတဲ့အချိန်မှာ ၁၈၄,၉၃၂ ဦး၊ လူကတော့ ခန့်မှန်းခြေ ၉,၀၀၀ နဲ့ ၁၀,၀၀၀ ကြား တိုးလာတာ။ ဒါကအတည်တော့ မဟုတ်သေးဘူး။ အဲဒီဟာတွေကို ရပ်/ကျေးက ကော်မရှင်အတွင်း‌ရေးမှူးတွေကို ခေါ်ပြီးတော့ သူတို့ရဲ့ မဲစာရင်းတွေ ဘယ်လောက်ရှိနေသလဲ ဘာလဲဆိုပြီးတော့ ထိုင်ပြီး အဲဒါကို သူတို့က ပြောနေကြတယ်။ ဆိုပါတော့ မှတ်ပုံတင် မှားသလား၊ အဖေနာမည် မှားသလား။ အဲဒါကို ရပ်ကျေးက ကော်မရှင် အတွင်းရေးမှူးတွေနဲ့ စိစစ်နေတယ်။ အကြမ်းဖျင်းကတော့ အဲဒီပတ်ဝန်းကျင်မှာ ရှိတယ်။ တခါတလေကျတော့လည်း တချို့ကလည်း ဒီမှာက အခြားကို ရောက်နေတဲ့သူတွေ အဲဒါမျိုးတွေလည်း ရှိတယ်။ ဒါပေမဲ့လို့ အဲဒီ အတိုး အဆုတ်ကတော့ ဒီဂဏန်းကတော့ မငြိမ်သေးဘူးပေါ့” လို့ ပြောပါတယ်။ ပြင်ဦးလွင်မြို့နယ်မှာ မဲပေးဖို့အတွက် မဲရုံပေါင်း ၂၀၀ ရှိပြီး မဲရုံတာဝန်ရှိသူတွေကို အောက်တိုဘာ ၂၄ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ လိုအပ်တဲ့ သင်တန်းတွေ ပို့ချပေးမယ်လို့လည်း သိရပါတယ်။ ကိုဗစ်ကာလ ဖြစ်နေတာကြောင့် အပူချိန်တိုင်းတာတာတွေနဲ့ လက်သန့်ဆေးပေးဖို့ စတဲ့ လုပ်ငန်းတွေအတွက်ကိုလည်း သီးခြားလုပ်ဆောင်ပေးသူ နှစ်ဦး ထားရှိမယ်လို့ ပြင်ဦးလွင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိန်ထွန်းက ပြောပါတယ်။ “ကျန်းမာရေးနဲ့ လုံခြုံရေးက အဲဒါက တစ်ယောက်စီ၊ ဥပမာက စစချင်းရဲ့ မဲရုံထဲကိုဝင်လာပြီ။ ဝင်လာပြီဆိုရင် စစချင်း အပူချိန်တိုင်းမယ်၊ နောက် အပူချိန်တိုင်းပြီးတော့ လက်သန့်ဆေးရည်တို့၊ နှာခေါင်း mask တို့ တပ်သလား။ အဲဒါကို ဆေးခိုင်းမယ်။ ဆေးခိုင်းပြီးရင် သူ့ကို ခြောက်ပေခြား နေဖို့ရာအတွက်ကို အစီအစဉ်လုပ်မယ်၊ ခြားပြီးတော့မှ သူက အဲဒီသုံးခုကိုပြီးမှ သူက မဲရုံထဲကို ဝင်ရမှာ။ ဒီနှစ်တိုးတာ အဲဒါ တိုးသွားတာ။” မဲရုံ လုံခြုံရေးအတွက် အထူးရဲတပ်သားတွေနဲ့ ကျန်းမာရေး ဆောင်ရွက်မယ့်သူတွေအတွက် ကုန်ကျမှုတွေနဲ့ ကျန်းမာရေးသုံး ပစ္စည်းတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကပဲ ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။ ပြင်ဦးလွင်မြို့နယ်ဟာ တပ်မတော် တပ်ရင်းတွေ၊ စစ်တက္ကသိုလ်တွေ အများအပြားရှိတဲ့ နေရာဖြစ်ပြီး ပါတီကြီးတွေ အားပြိုင်မှု ရှိတဲ့နေရာလည်း ဖြစ်ပါတယ်။  အခုနှစ်ရွေးကောက်ပွဲမှာတော့ တပ်တွင်းမဲရုံတွေကို တပ်အပြင်ထုတ်ထားမှာ ဖြစ်ပေမယ့် ပြည်သူလူထုနဲ့ အတူ မဲပေးရမှာ မဟုတ်ဘဲ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေအတွက် သီးခြားမဲရုံတွေ ထားရှိထားမယ်လို့ သိရပါတယ်။ တပ်မတော်သားတွေအတွက်ရော ပြည်သူတွေအတွက်ပါ မဲပေးရမယ့် မဲရုံပေါင်း ၂၀၀ ရှိပေမယ့် တပ်မတော်သားတွေအတွက် သီးခြားခွဲခြားထားတဲ့ မဲရုံစာရင်းတွေ မရှိဘူးလို့လည်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံက သိရပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း လတ်တလောအချိန်အထိ ပဋိပက္ခ တစုံတရာ ဖြစ်ပွားမှုတွေ၊ တိုင်ကြားမှုတွေ မရှိဘူးလို့လည်း ‌မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံက သိရပါတယ်။ ထိန်ထိန်လင်း

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024