Home
မြန်မာသတင်း
ဘီးလင်းတွင် Stay at Home ကြောင့် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေး အခက်အခဲကြုံ
DVB
·
October 17, 2020
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲမှာ ကိုဗစ်-၁၉ အတည်ပြုလူနာများလာပြီး Stay at Home ကြေညာထားတဲ့အတွက် မဲဆွယ်စည်းရုံးဖို့ အခက်အခဲတွေ ရှိနေတယ်လို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဘီးလင်းမြို့နယ် မဲဆန္ဒရှင်ပြည်သူတွေအတွက် လူမှုကွန်ရက် facebook စာမျက်နှာကနေတဆင့် မဲဆွယ်စည်းရုံးနေရတယ်လို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်မျိုးမင်းက ပြောပါတယ်။ “ဒီကာလက လူစုလူဝေးလည်း လုပ်လို့မရတော့ ငုတ်တုတ်ထိုင်နေရတာပေါ့။ ရပ်ကျေးဆိုင်းဘုတ်တင်တာတို့ ပန်းဖလပ်ဝေတာတို့ကျတော့ အလှပြယာဉ် ၂ စင်းလောက်နဲ့ ထွက်တာတော့ရှိတယ်။ ဒီလိုထွက်တဲ့အပေါ်မှာလည်း ရွာတွေထဲထိ ဝင်တာမရှိပါဘူး။ အဓိက Lock Down ချထားတဲ့ နေရာတွေဆိုရင် ဘာမှကို အဆက်အသွယ်မရှိတော့ပါဘူး။ ပြောရရင် ကိုဗစ်လည်း အနိုင်ယူ အောင်နိုင်ရေးလည်း အနိုင်ယူဆိုသလို လူမှုကွန်ရက် facebook စာမျက်နှာကနေ တစ်ဆင့်ပဲ ကိုယ်စားလှယ်လောင်းတွေက လုပ်ဆောင်နေကြရတယ်။ တိုင်းရင်းသားပါတီတွေအနေနဲ့ကလည်း သူတို့အနေအထားနဲ့ စည်းရုံးရေးတော့ လုပ်နေကြတာပဲ။” ဘီးလင်းမြို့နယ်ထဲမှာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွင်း ကရင်ပြည်သူ့ပါတီ၊ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ အပါအ၀င် ပါတီပေါင်း ၉ ပါတီက ကိုယ်စားလှယ်လောင်း ၅၃ဦးက ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ ဘီးလင်းမြို့နယ်မှာ နိုင်ငံရေးပါတီကြီးတွေအနေနဲ့ မဲဆွယ်စည်းရုံးမှုကို ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်နိုင်တဲ့အပြင် ရပ်ကျေးပါတီဆိုင်းဘုတ်ထောင်တာတွေ၊ ပါတီအမာခံတွေကတဆင့် ပြည်သူတွေ မဲပေးမှုစနစ်မှန်ကန်အောင် အသိပညာပေးမှုတွေ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေ၊ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်တွေနဲ့အညီ မဲဆွယ်မှုတွေကိုပြုလုပ်နေကြပါတယ်။ ဘီးလင်းမြို့နယ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာက “ကျမတို့ပါတီရုံး စတည်ထူထောင်ချိန်က ကိုဗစ်ပထမလှိုင်းနဲ့ ဆုံတယ်။ ဒုတိယလှိုင်းပြန်လာတဲ့အခါကျတော့လည်း Stay Home နဲ့ ကိုဗစ်-၁၉ ဥပဒေတွေကြောင့် မဲဆွယ်စည်းရုံးမှုက အခက်ခဲတွေဖြစ်လာတာပေါ့။ တစ်ချို့ရွာတွေကျတော့ ပေးမ၀င်တာတွေရှိတယ်။ ကျမတို့ပါတီကလည်း ဒီမိုကရေစီပါတီဖြစ်တဲ့အတွက် တန်းတူအခွင့်အရေးကို ဦးစားပေးတဲ့အနေနဲ့ မဲဆွယ်စည်းရုံးမှုကို နားထားပါတယ်။ ဥပမာ မဲဆွယ်သွားတဲ့သူတွေထဲက တစ်ယောက်ယောက်ကို ကူးစက်သွားမယ်ဆိုရင်လည်း မကောင်းဘူး။ အဓိက မဲရခြင်းမရခြင်းထက် ပြည်သူတွေရဲ့ကျန်းမာရေးက အရေးကြီးပါတယ်” လို့ ပြောပါတယ်။ ဘီးလင်းမြို့နယ်ထဲမှာ Lock Down Area ၈ ခု သတ်မှတ်ထားရာကနေ ၇ ခု ပြန်လည်ဖြေလျှော့ပေးခဲ့တယ်လို့ ဘီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက သိရပါတယ်။ ဘီးလင်းမြို့နယ်မှာ အောက်တိုဘာ ၁၃ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉၀ ကျော်ရှိခဲ့ပြီး ရောဂါသက်သာလာတဲ့အတွက် ဆေးရုံဆင်းသူ ၆၀ ကျော်ရှိပြီလို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024