Home
မြန်မာသတင်း
အကြွေးမဆပ်ရင် တရားစွဲမည်ဟု လုပ်ငန်းရှင်များကို မွေး/ရေ ၀န်ကြီးဌာန သတိပေး
မျိုးဇော်လင်း
·
July 19, 2013
မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနက လုပ်ငန်းရှင်တွေထံက ရမယ့် ကျပ်သန်းပေါင်း ၂၈၀၀၀ ကျော်ကို တလအတွင်း ပြန်ဆပ်ဖို့ တောင်းဆိုလိုက်ပြီး မပေးရင် တရားစွဲတော့မယ်လို့ သတိပေးလိုက်ပါတယ်။ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနက ပုဂ္ဂလိကလုပ်ငန်းရှင် ၇၅ ဦးဆီကနေ ကြွေးကျန် ကျပ်သန်းပေါင် ၂၈၀၀၀ ကျော် (၂၈၆၀၄.၉၉၉) ရရန်ရှိပြီး လုပ်ငန်းရှင် ၄၃ ဦးကို တလအတွင်းပေးဖို့ သတင်းစာမှာ ထည့်သွင်းတောင်းဆိုလိုက်တာပါ။ ဒီမတိုင်ခင် ၆ ကြိမ်တိုင်တိုင် အကြွေးပေးဖို့ တောင်းဆိုခဲ့ပေမယ့် ပြန်မဆပ်တာကြောင့် မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနလက်အောက် သက်ဆိုင်ရာစက်ရုံတွေက တရားလိုလုပ်ပြီး တရားစွဲမယ်လို့ သတိပေးလိုက်တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး မွေးမြူရေး၊ အစားအစာနှင့် နို့ထွက်ပစ္စည်း လုပ်ငန်းဌာန အဆင့်မြင့်အရာရှိတဦးက “နှစ်ကုန်မှာ တရားစွဲပါမယ်ဆိုပြီး ကျနော်တို့ရဲ့ ကတိက၀တ်အတိုင်း ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဒီကြားမှာလည်း ကြိုးကြားကြိုးကြား ဆပ်တာ ၄၂ ကနေ ၂၈ လောက်ထိကျသွားတယ်။ အားလုံး မပေးကြတာတော့ မဟုတ်ဘူး၊ ပေးကြတယ်။ နောက် ကျနော်တို့က စာချုပ်ချုပ်ချိန်က အတိုးလေးတွေ သတ်မှတ်တာကိုး။ သတ်မှတ်တဲ့ အတိုးလေးတွေက စာချုပ်မှာ ပါနေတယ်ဆိုရင် ကျနော်တို့က အတိုးကို သတ်ချင်တာ။ အတိုးကို မယူတော့ဘူး အရင်းပဲ။ နောက်ထပ် အတိုးလည်း မတက်အောင်ဆိုပြီးတော့ ကျနော်တို့ ကြိုးစားကြည့်သေးတယ်။ စာရင်းစစ်ရုံးတို့၊ ရှေ့နေချုပ်ရုံးတို့က ရပ်လို့မရဘူးပြောတယ်။ စာချုပ်မှာ ပါတာသည် အတည်ပဲ ဆိုတဲ့အခါကျတော့ ကျနော်တို့ဘက်က လိုက်လျောချင်ပေမယ့် လိုက်လျောလို့မရဘူး။ ၀န်ကြီးကိုယ်တိုင်က ဒီဘက်ကကွာ အတိုးတွေ တက်တက်တက်လာ သူတို့ခင်ဗျာ ဘယ်လိုဖြစ်မလဲ။  ဆပ်လို့လည်း မရဘူး၊ တဖက်မှာလည်း အတိုးတွေ တက်နေတယ်” လို့ ပြောပါတယ်။ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနရဲ့ ကြွေးကျန်တွေကို စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိပြီး လွှတ်တော်မှာ ကတိပေးခဲ့ရပြီးတဲ့နောက် ဆောင်ရွက်ချက်ဖြစ်ပြီး ကြွေးပေးဖို့ ကျန်သူတွေကိုလည်း ဆက်လက်စစ်ဆေးနေတယ်လို့ သူက ဖြည့်စွက်ပြောဆိုပါတယ်။ကျပ်သန်းပေါင်း ၅၀၀ ကျော် အကြွေး ဆပ်ရန်ရှိတဲ့ ဧရာဝတီမြေပဲဆီ လုပ်ငန်းပိုင်ရှင် ဦးခင်စိုးက “ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကို တင်ပြရင်းနဲ့ နှစ်အလိုက် ကျနော်တို့ကို နောက်ဆုတ်ပေးဖို့ပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ မွေးမြူရေးသမားတွေ အကုန်လုံးဟာ နာဂစ်ပြီးနောက်ပိုင်းရယ်၊ ငွေလဲနှုန်း ၁၃၀၀ ကျော်ကနေပြီးတော့ ၇၅၀ ကျတဲ့နောက်ပိုင်း အားလုံးဟာ ထိလိုက်ကြတာကိုး။ အဲဒီလို ထိလိုက်ပြီးနောက်ပိုင်းမှာ နာလန်ထူနိုင်ဖို့ တော်တော်ရုန်းတယ်။ နာလန်ထူဖို့ ရုန်းနေတဲ့အချိန်မှာ ကျနော်တို့ အချိန်တောင်းတာပါ။ သူတို့ ညှိနှိုင်းတိုင်း၊ ညှိနှိုင်းတိုင်း ပေးပါမယ်ဆိုတဲ့ စကားကလွဲလို့ ကျနော်တို့ဟာ ချက်ချင်းလက်ငင်းကြီး မပေးနိုင်ပါဘူးဆိုတဲ့ စကား အမြဲတမ်းပြောခဲ့တာပဲ” လို့ ပြောပါတယ်။ မွေးမြူရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဦးနှင်းဦးက “စီးပွားရေး ကပ်ဆိုင်လို့ဖြစ်တာ။ အစိုးရဆီက သွားယူတဲ့လူက ပေါ်တာပေါ့ဗျာ။ အစိုးရဆီက မယူဘဲ တခြားပုဂ္ဂလိကဆီကနေ ချေးတဲ့လူကတော့ လည်စင်းခံတယ်။ ဒါတွေက ဘယ်သူမှ မသိဘူး။ အဲဒီလိုပဲ ခံစားသွားရတဲ့လူတွေ ရှိတာပဲ။ အစိုးရကျတော့ ငွေတိုးယူတာကိုး။ ပုဂ္ဂလိကတွေကတော့ မြေတွေဘာတွေ သိမ်းတာ ဖြစ်တာကိုး။ ဘယ်လို အရစ်ကျနဲ့ ပြန်ဆပ်လို့ရမလဲ စဉ်စားပြီးတော့ ညှိနှိုင်းရင်တော့ အဖြေတခု ရလာမယ်ထင်ပါတယ်။ ဒါအကြွေးရှင်နဲ့ပဲ ဆိုင်ပါတယ်။ သူညှိပေးလိုက်ရင် ပြီးတာပဲ” လို့ ပြောပါတယ်။ လုပ်ငန်းရှင်တွေအပေါ် ကြွေးဆပ်ဖို့ ကန့်သတ်တဲ့ရက်ဟာ ဩဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံး ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024