နမ့်ခမ်းမြို့နယ်တွင် SNLD ပါတီ မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရ
DVB
·
October 16, 2020
ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ထဲမှာ ကျားခေါင်းပါတီလို့ လူသိများတဲ့ ရှမ်း တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံခဲ့ရတယ်လို့ လွှတ်တော်ကိုယ်စားလှယ်လောင်းက ပြောပါတယ်။
မူဆယ်ခရိုင်ကနေ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမယ့် လွှတ်တော် ၃ ရပ်က ကိုယ်စားလှယ်လောင်း ၄ ဦး ရုပ်ပုံနဲ့ အမည်ပါ မဲဆွယ်ဆိုင်းဘုတ်ကို နမ့်ခမ်းမြို့နယ် စယ့်ဟိုင်းကျေးရွာအုပ်စု ကုန်းဆာကျေးရွာထဲမှာ ပြီးခဲ့တဲ့လက စိုက်ထူထားခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁၀ ရက်မနက်က ဆိုင်းဘုတ်ထူထားတဲ့ ငုတ်တိုင်နှစ်ခုသာ ကျန်တော့တယ်လို့ ကျားခေါင်းပါတီ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေ (၁) ကိုယ်စားလှယ်လောင်း စိုင်းကျော်မြင့်က ဒီဗွီဘီကို ပြောပါတယ်။
“ပြီးခဲ့တဲ့ စက်တင်ဘာလက ကျနော်တို့ အဲဒီရွာမှာ မဲဆွယ်စည်းရုံးရေး ဆင်းပါတယ်ခင်ဗျ။ ရွာသူရွာသားအားလုံးက လိုလိုလားလားကြိုဆိုပါတယ်။ အဲဒီဆိုင်းဘုတ် စိုက်ထူရမယ့်နေရာကို လည်း ရပ်မိရပ်ဖတွေကပဲ ပြပေးတာပါ။ ကုန်းဆာဘုန်းကြီးကျောင်းရှေ့မှာပါ။ ဘယ်အချိန်က ဖျက်ဆီးခံရလဲတော့သေချာမသိဘူး။ နယ်မြေထဲက ကျနော်တို့ပါတီဝင်တွေ စတွေ့တာတော့ အောက်တိုဘာ ၁၀ ရက် မနက် ၉ နာရီခွဲလောက်ပေါ့။ ဆိုင်းဘုတ်ရဲ့တိုင် ၂ ခုကို ခုတ်ထစ်ပြီး ဆိုင်းဘုတ်ပါ ဖြုတ်ယူသွားတယ်။ အဲဒီအနီးနားမှာလည်း ရှာမတွေ့ဘူး။ အဲဒါနဲ့ ပါတီရုံးကို အကြောင်းကြားတယ်။ ရုံးချုပ်ကိုလည်း အကြောင်းကြားတယ်။ မြို့နယ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်တွေဆီရော ရဲတပ်ဖွဲ့ပါ အကြောင်းကြားထားပါတယ်ခင်ဗျ။”
အခုလို ပါတီဆိုင်းဘုတ်ဖျက်ဆီးခံရတဲ့အပေါ် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဘယ် အဖွဲ့အစည်းကိုမှ သံသယမထားပါကြောင်း၊ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကာလ ဖြစ်လေ့ဖြစ်ထရှိ တတ်ကြောင်း၊ မိမိပါတီ ဦးတည်ချက် ပန်းတိုင်အတိုင်း လုပ်စရာရှိတာတွေ ဆက်လုပ်မယ်လို့ စိုင်းကျော်မြင့်က ပြောပါတယ်။
လာမယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မူဆယ်ခရိုင်အနေနဲ့ ဦးမော်ထွန်းအောင်က အမျိုးသားလွှတ်တော်နေရာ၊ စိုင်းအောင်ကျော်က ပြည်သူ့လွှတ်တော်နေရာ၊ စိုင်းကျော်မြင့်နဲ့ စိုင်းအောင်သက်ဦးတို့က ပြည်နယ်လွတ်တော်နေရာက ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။