NLD ကိုယ်စားလှယ်လောင်း ၃ ဦးကို ပြန်လွှတ်ပေးရန် ပြင်သစ်သံရုံး တောင်းဆို
DVB
·
October 16, 2020
နို၀င်ဘာ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၃ ဦးကို ရခိုင်ပြည်နယ်မှာ ဖမ်းဆီးခေါ်ဆောင်သွားတာကို ပြစ်တင်ရှုတ်ချတဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးက ထုတ်ပြန်ကြေညာပါတယ်။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့က အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ယောက်ကို လက်နက်ကိုင်အဖွဲ့အစည်းတခုက အောက်တိုဘာ ၁၄ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ အဆက်အသွယ်မရဖြစ်နေဆဲပါ။
ကိုယ်စားလှယ်လောင်း ၃ ဦးကို ချက်ချင်းခြွင်းချက်မရှိ ဘေးကင်းလုံခြုံစွာလွှတ်ပေးဖို့ ပြင်သစ်သံရုံးက တောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲတွေနဲ့ ပြည်သူနဲ့ သူတို့ရဲ့ ရွေးကောက်တင်မြှောက်မှုတို့အပေါ် အခြေခံတဲ့ ဒီမိုကရေစီဖြစ်စဉ်ကိုထောက်ခံကြောင်း ပြင်သစ်သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦး ဖမ်းဆီး ခေါ်ဆောင်သွားခြင်းခံရတဲ့သတင်းကြောင့် စိုးရိမ်မိကြောင်းနဲ့ ဒီမိုကရေစီစနစ်တစ်ခု အတွင်းမှာ လွှတ်တော် ကိုယ်စားလှယ်လောင်းအားလုံး လုံခြုံဘေးကင်းစွာ မဲဆွယ် စည်းရုံးရေး ဆောင်ရွက်နိုင်သင့်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခံထားရတဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးကတော့ ဒေါ်ချစ်ချစ်ချော၊ ဒေါ်နီနီမေမြင့်နဲ့ ဦးမင်းအောင်တို့ဖြစ်ပြီး သူတို့ဟာ တောင်ကုတ်မြို့နယ် ဆောင်းခါး ကျေးရွာကို မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ ဆောင်ရွက်ရင်း အဖမ်းခံရတာဖြစ်ပါတယ်။ သူတို့ သုံးဦးထဲမှာ ဒေါ်နီနီမေမြင့်နဲ့ ဦးမင်းအောင်တို့နှစ်ဦးဟာ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေ လည်းဖြစ်ပါတယ်။