မွန်တွင် ကိုဗစ်-၁၉ လူနာသစ် ၉ ဦး ထပ်တွေ့၊ ဆက်စပ်သူ ၅၅ ဦးကို ကွာရန်တင်းပို့
DVB
·
October 16, 2020
မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉ ဦး ထပ်မံ တွေ့ရှိခဲ့တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အောက်တိုဘာ ၁၅ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
ရောဂါပိုးတွေ့ရှိမှုအရ မော်လမြိုင်မြို့နယ် ၃ ဦး၊ သထုံမြို့နယ် ၂ ဦး ၊ ကျိုက်မရောနဲ့ ကျိုက်ထိုမြို့နယ် ၁ ဦးစီ၊ ကျန် ၂ ဦးကတော့ ကုန်တင်ကားမောင်းတွေသူတွေဖြစ်ပါတယ်။ ရောဂါပိုး တွေ့ရှိသူ ၉ ဦးမှာ အသက် ၇၀ နှစ်ကျော်အရွယ် လူနာ ၃ ဦးအထိ ပါဝင်လာခဲ့ပါတယ်။
ဒါ့အပြင် အတည်ပြုလူနာတွေထဲမှာ မော်လမြိုင်က ကိုဗစ်-၁၉ လူနာ အမျိုးသမီး တစ်ဦးဟာ ခရီးသွားရာဇဝင်လည်း မရှိသလို အနံ့မရလို့ ဆေးခန်းသွားပြရမှ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တာပါ။
လက်ရှိမှာတော့ ကိုဗစ်အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့တဲ့သူ ၅၅ ဦးကို ကွာရန်တင်းစင်တာ ပို့ဆောင်ထားတယ်လို့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ အတွင်းရေးမှူး ကိုဇင်မိုးက ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ အောက်တိုဘာ ၁၆ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၂၉ ဦး အထိ ရှိလာခဲ့ပြီး အဲဒီထဲမှာ ၈ ဦး သေဆုံးထားပါတယ်။