Home
မြန်မာသတင်း
UDP ဥက္ကဋ္ဌ ဦးကျော်မြင့် ပိုင်ဆိုင်သည့်ငွေများ  ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေနှင့် ငြိစွန်းနေ
DVB
·
October 15, 2020
ညီညွတ်သောဒီမိုကရက်တစ်ပါတီ (နှင်းဆီပါတီ) ဥက္ကဋ္ဌ ဦးကျော်မြင့်ပိုင်ဆိုင်တဲ့  ငွေကျပ် ၁၆ ဘီလီယံကျော်  ငွေကြေးတွေဟာ ဝင်ငွေရလမ်းဖော်ပြ နိုင်ခြင်းမရှိတဲ့ငွေကြေးတွေ ဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ မန္တလေးအိုးဘိုထောင်မှာ ဖမ်းဆီးတရားစွဲခံနေရတဲ့  ဦးကျော်မြင့် ပိုင်ဆိုင်တဲ့ ငွေကြေးတွေဟာ တရားဝင် အထောက် အထားတစ်စုံတစ်ရာမရှိတဲ့အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်းနေတယ်လို့ဆိုပါတယ်။ ဦးကျော်မြင့်အနေနဲ့ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်းကို ဝင်ရောက်လာပြီးနောက်မှာ မြန်မာကျော်ရင်းနှီးမြုပ်နှံမှုကုမ္ပဏီအပါအဝင် ကုမ္ပဏီတွေ ထူထောင်ခဲ့ပေမယ့် တရားဝင်လုပ်ကိုင်ခဲ့တဲ့အထောက်အထားတွေတော့ မတွေ့ရဘူးလို့ ဦးဇော်ဌေးက အောက်တိုဘာ ၁၅ ရက်က ပြုလုပ်တဲ့ သမ္မတအိမ်တော်အထူးသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒါ့အပြင် ဦးကျော်မြင့်နဲ့ဆက်စပ်တဲ့ ဘဏ်စာရင်း ၅၉ ခုကို စိစစ်ရာမှာလည်း တရုတ်နိုင်ငံကနေ ကျပ်ငွေ ၁၆ ဘီလီယံကျော်ကို တရားမဝင်ငွေလွှဲတွေကနေ တဆင့် ရယူထားတာကိုတွေ့ရှိရတယ်လို့ ဆိုပါတယ်။ အခုလို တရားမဝင်ငွေကြေးတွေကို ကိုင်တွယ်ပြီးသုံးစွဲနေတာဟာ ၂၀၁၄ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၃ အရ ထောင်ဒဏ် ၁၀ နှစ်အထိ ပြဏ်ဒဏ်ချမှတ်ခံရနိုင်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။ ဦးကျော်မြင့်အနေနဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ရဲ့ ပါတီလုပ်ငန်းတွေအတွက် မြန်မာကျော်ရင်းနှီးမြုပ်နှံမှုကုမ္ပဏီကနေ စုစုပေါင်းငွေကြေး ၁၃ ဒသမ ၈၉ ဘီလီယံအထိ စိုက်ထုတ်သုံစွဲထားခဲ့ပြီး နိုင်ငံရေးပါတီများထူထောင်ခြင်းဆိုင်ရာ ဥပဒေနဲ့ ငြိစွန်းနေပြီး ဒါကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားတယ်လို့ ဆိုပါတယ်။ ဦးကျော်မြင့်ခေါင်းဆောင်တဲ့ UDP ပါတီဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ဖို့  ရှိနေတာလည်း ဖြစ်ပါတယ်။ သတင်း-ဖြိုးသက်ပိုင်မြင့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024