ကိုဗစ်-၁၉ လူနာသစ် ၈၈၈ ဦးတွင် အနံ့မရရှိသူ ၁၈၀ ဦးပါဝင်
DVB
·
October 15, 2020
မနေ့ညက ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၈၈၈ ယောက်ထဲမှာ အနံ့မရရှိသူ ၁၈၀ ယောက် ပါဝင်နေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၆ နာရီအချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါအတည်ပြုလူနာတွေထဲမှာ ရန်ကုန်တိုင်းက ၅၉၆ ယောက်နဲ့ အများဆုံး ပါဝင်နေတာ ဖြစ်ပါတယ်။ မြောက်ဉက္ကလာပမြို့နယ်က ၆၄ ယောက်၊ သင်္ဃန်းကျွန်းမြို့ နယ်က ၅၂ ယောက်၊ လှိုင်သာယာမြို့နယ်က ၄၂ ယောက်စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ် ၃၇ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။
ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ ပဲခူးတိုင်းမြို့နယ် ၁၈ ခုမှာ ၁၄၂ ယောက်၊ မန္တလေးတိုင်းမြို့နယ် ၁၀ ခုမှာ ၄၅ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၂ ခုမှာ ၂ ယောက်၊ မကွေးတိုင်းမြို့နယ် ၃ ခုမှာ ၄ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၃ ခုမှာ ၃ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၈ ခုမှာ ၄၉ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၅ ခုမှာ ၁၀ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၃ ခုမှာ ၂၂ ယောက်၊ နေပြည်တော်မြို့နယ် ၁ ခုမှာ ၁ ယောက်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မြို့နယ် ၂ ခုမှာ ၂ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၃ ခုမှာ ၁၁ ယောက်၊ ချင်းပြည်နယ်မြို့နယ် ၁ ခုမှာ ၁ ယောက် အသီးသီး တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၄ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၁,၃၂၅ ယောက်၊ သေဆုံးသူ ၇၃၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၃,၈၆၆ ယောက်ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၈ ဒသမ ၈ သန်းကျော်၊ သေဆုံးသူ ၁ သန်း ၉ သောင်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၂၉ ဒသမ ၁ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။