A d v e r t i s e m e n t With Us

စပါးကိုရှုံးခဲ့သည့်ပွဲ၌ ဆိုးလ်ရှားနှင့်ပြဿနာမတက်ခဲ့ဟု ဖာနန်ဒက်စ် ရှင်းလင်း

စပါးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ယူနိုက်တက်နည်းပြဆိုးလ်ရှားနဲ့ စကားများခဲ့တယ်ဆိုတဲ့ သတင်းတွေကို ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ငြင်းဆိုပါတယ်။  ဖာနန်ဒက်စ်ဟာ စပါးနဲ့ပွဲ ပထမပိုင်းအပြီး အကြီးအကျယ်ပေါက်ကွဲခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပြီး သူဟာ ၄ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်နေချိန်မှာ လူစားလဲခံခဲ့ရပါတယ်။  ပေါ်တူဂီကစားသမားဟာ စပါးနဲ့ပွဲမှာ ပင်နယ်တီကနေ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ ပထမပိုင်းအပြီးမှာ ဆိုးလ်ရှားနဲ့စကားများခဲ့တာကြောင့် လူစားလဲခံခဲ့ရတာလို့ သတင်းတွေမှာ ရေးသားခဲ့ကြပါတယ်။ ဖာနန်ဒက်စ်က “ဒီကိစ္စနဲ့ပတ်သက်ပြီး ခန့်မှန်းရေးသားနေတာတွေ အများကြီးတွေ့နေရပါတယ်။ ဒါဟာသာမန်ဆွေးနွေးမှုပါပဲ။ ပထမဆုံးအသင်းဖော်တဦးဖြစ်တဲ့ ဗစ်တာလင်ဒီလော့ဖ်နဲ့ စကားပြောဆွေးနွေးခဲ့ပါတယ်။ ဒါဟာ စကားများတာမဟုတ်ပါဘူး။ နောက်တော့ ဆိုးလ်ရှားနဲ့ပြောဆို ဆွေးနွေးခဲ့ပါတယ်။ ကျနော့်အထင် ဒါဟာ ကျနော်တို့ကို စည်းလုံးမှုပျက်ပြားအောင်လုပ်ဆောင်ခြင်းပါ။ သူတို့ပြောနေတာတွေက တခုမှမဟုတ်ပါဘူး။ ကျနော့်ကို ပထမပိုင်းမှာလူစားလဲခဲ့တာအမှန်ပဲ။ ဒါပေမဲ့ ဒါဟာ နည်းပြရဲ့နည်းဗျူဟာအပြောင်းအလဲပါ။ ဒီပွဲက ပြီးသလောက်နီးနီးရှိနေကြောင်း၊ နောက်ပွဲတွေ အများကြီးရှိသေးကြောင်း နည်းပြက ကျနော့်ကိုပြောခဲ့ပါတယ်။ ကျနော်လူစားလဲခံရလို့ အဆင်မပြေဖြစ်ခဲ့ပေမဲ့ လက်ရှိအစုအဖွဲ့အပေါ် ထိခိုက်စေမယ့် ဘာမှမပြောခဲ့ပါဘူး” လို့ ပေါ်တူဂီ-ဆွီဒင်ပွဲအပြီးမှာ ဖာနန်ဒက်စ်က ပြောဆိုခဲ့တာပါ။ ပရီးမီးယားလိဂ်အဖွင့်ပွဲ ၃ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့တဲ့ အခြေအနေကြောင့် ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းမှာ ဖိအားတွေအောက်ရောက်ရှိနေပါတယ်။  ဒါပေမယ့် ဖာနန်ဒက်စ်ကတော့ ယူနိုက်တက်အနေနဲ့ ဖိအားတွေအောက်ကနေ ရုန်းထွက်ကာ လာမယ့် နယူးကာဆယ်နဲ့ပွဲမှာ ကောင်းမွန်တဲ့ ခြေစွမ်းနဲ့ တုံ့ပြန်ဖို့ အဆင်သင့်ဖြစ်နေပြီး ထင်ရာမြင်ရာတွေ ပြောဆိုရေးသားနေမှုကို ရပ်လိုက်ဖို့ သတိပေးပါတယ်။  “ကျနော့်နာမည်၊ ကျနော့်မိတ်ဆွေတွေနာမည် ဒါမှမဟုတ် အသင်းနည်းပြနာမည်ကို သုံးပြီး ယူနိုက်တက်အသင်းကို ထိခိုက်အောင်မလုပ်သင့်ပါဘူး။”

A d v e r t i s e m e n t With Us

More News
Up