မက်ဂွိုင်းယားကို အပြည့်အဝထောက်ခံကြောင်း အင်္ဂလန်နည်းပြပြော

ဒိန်းမတ်ကို ရှုံးနိမ့်ခဲ့တဲ့ Nations League ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယား အနီကတ်ထိခဲ့ပေမယ့် အပြည့်အဝထောက်ခံကြောင်း အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်က ပြောပါတယ်။  ဒီနေ့မနက်အစောပိုင်းကစားခဲ့တဲ့ပွဲစဉ်မှာ မက်ဂွိုင်းယားဟာ ပေါ်လ်ဆင်၊ ဒေါဘတ်တို့ကို ကစားပုံကြမ်းခဲ့တာကြောင့် ၂ ဝါ ၁ နီနဲ့ အထုတ်ခံခဲ့ရတာဖြစ်ပြီး သူ့အနီကတ်က ပွဲရဲ့ အလှည့်အပြောင်းလဲဖြစ်စေခဲ့ပါတယ်။  မက်ဂွိုင်းယား အထုတ်ခံခဲ့ရပြီး ၄ မိနစ်အကြာ၊ ပွဲချိန် ၃၅ မိနစ်မှာ ဒိန်းမတ်အသင်းဟာ အငြင်းပွားဖွယ် ပင်နယ်တီရရှိခဲ့ပြီး ကွင်းလယ်လူ အဲရစ်ဆင်က ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒီဂိုးကို ပြည်လည်ချေပနိုင်ခဲ့ခြင်း မရှိတာကြောင့် အင်္ဂလန်အသင်းဟာ ၁ ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ မက်ဂွိုင်းယားဟာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းတို့မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပေမဲ့ သူ့အပေါ် ထောက်ခံမှုအပြည့်အဝရှိတယ်လို့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ပြောပါတယ်။  “ပထမအဝါကတ်က သူမလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်ပြီး ဒါက သူ့အတွက် အကြပ်ရိုက်စေခဲ့ပါတယ်။ ဒုတိယအဝါကတ်ကတော့ ကြားဖြတ်လုယူမှုတခုပဲ ဖြစ်ပါတယ်။ သူဟာ ကစားသမားကောင်းတဦးပါ။ ကျနော်တို့အသင်းရဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။ သူဟာ ကျနော်တို့အားလုံးရဲ့ ထောက်ခံမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။ သူ့ကို ကျနော်တို့ လုံးဝယုံကြည်နေဆဲဆိုတာကို သိရှိထားဖို့လိုအပ်ပါတယ်။ သူဟာ အခုလိုအခြေ အနေတွေကို ရင်ဆိုင်ဖို့ လိုအပ်ပါတယ်။ အသက်အရွယ်နည်းနည်းရလာရင် ဒီလိုကိစ္စမျိုးတွေကို ကျော်ဖြတ်ဖို့ အဆင်ပြေနိုင်သွားပါလိမ့်မယ်။ ဒါပေမဲ့ မက်ဂွိုင်းယားကတော့ ဒီလိုအခြေအနေမျိုးကို ပထမဆုံးအကြိမ်ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း သူ့ရဲ့အနေအထားဟာ ပြောင်းလဲလာခဲ့ပါတယ်။ သူကိုယ်စားပြုတဲ့ ကလပ်အသင်းနဲ့ သူရရှိခဲ့တဲ့ အောင်မြင်မှုတွေကြောင့်ပဲဖြစ်ပါတယ်။”  ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အင်္ဂလန်အသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ဂုဏ်ယူကြောင်းလည်း ဆောက်ဂိတ်က ပြောပါတယ်။ “ကစားသမားတစ်ယောက် အထုတ်မခံခဲ့ရချိန်မှာ ကျနော်တို့ အသင်းရဲ့ခြေစွမ်းဟာ အကောင်းဆုံးပုံစံမှာရှိနေပါတယ်။ ဒါပေမယ့် အနီကတ်နဲ့ ပင်နယ်တီတို့က ပွဲကိုအလှည့် အပြောင်းဖြစ်စေပါတယ်။ ကျနော်ကတော့ ပင်နယ်တီပေးလောက်တဲ့ပြစ်ဒဏ်လို့ မယူဆပါဘူး။ ကျနော့်ကစားသမားတွေက ၁၀ ယောက်တည်းနဲ့လည်း ကစားနိုင်တယ်ဆိုတာကို ပြသခဲ့ပြီး ပြိုင်ဘက်အသင်းရဲ့ ဂိုးသမားကြောင့်သာ ၁ ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်ကို မပြောင်းလဲ နိုင်ခဲ့တာပါ။” 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up