တံတွေးနမူနာမှတဆင့် မိနစ် ၄၀ အတွင်း ကိုဗစ်-၁၉ ရှိ၊ မရှိ စစ်ဆေးနိုင်တော့မည်

အာခေါင်တို့ဖတ်ယူပြီး စစ်ဆေးဖို့ ဓာတ်ခွဲခန်းဆီ ပို့စရာ မလိုဘဲ တံတွေး နမူနာကို သုံးပြီး မိနစ် ၄၀ အတွင်း ကိုဗစ်-၁၉ ကူးစက်ခံ ဟုတ်၊ မဟုတ် သိနိုင်တဲ့ စနစ်ကို စမ်းသပ်စစ်ဆေးမှု ကနဦး ရလဒ်က အားတက်စရာ ကောင်းတယ်လို့ ပြင်သစ်သုတေသီတွေကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက အောက်တိုဘာ ၁၄ ရက်မှာ ဖော်ပြပါတယ်။  လူပေါင်း ၂၂၀ ဆီက နမူနာတွေကို စစ်ဆေးရာမှာ ကူးစက်ခံထားရသူတွေရဲ့ ရလဒ်က ၈၇ ဒသမ ၅ ရာခိုင်နှုန်း တိကျတယ်လို့ သုတေသီတွေက ပြောပါတယ်။  ခုတော့ ဒီစနစ်ကို စီးပွားဖြစ် ထုတ်လုပ်ဖို့ ပြင်သစ်တာဝန်ရှိသူတွေဆီက အတည်ပြုချက်ရရေး ကြိုးစားနေတယ်လို့လည်း သူတို့က ပြောပါတယ်။  ဒါဟာ ဘယ်နေရာမှာမဆို လုပ်နိုင်တဲ့ စမ်းသပ်မှုပဲလို့လည်း စမ်းသပ်မှုကို တီထွင်သူ စကေးလ်ဆဲလ် ကုမ္ပဏီက အမှုဆောင် အရာရှိချုပ်က ပြောပါတယ်။  သုတေသီအဖွဲ့က နောက်ထပ် လူ ၇၂၀ ဆီက တံတွေးနမူနာတွေအပါအဝင် စမ်းသပ်မှုကို တိုးလုပ်နေတယ်၊ ရလဒ်တွေကို အကဲခတ်ဆဲဖြစ်ပြီး တိကျမှုကလည်း အလားတူအဆင့်မှာ ပြ နေတုန်းပဲလို့ သုတေသီတွေက ပြောပါတယ်။  လက်ရှိသုံးနေတဲ့ အာခေါင်တို့ဖတ် ယူတဲ့ စမ်းသပ်မှု အများစုဟာ ထုတ်လုပ်သူတွေက ပုံစံထုတ်ထားတဲ့ ဓာတုပစ္စည်းတွေ ကိရိယာတွေ လိုအပ်ပြီး ရလဒ်ကလည်း ရက်ချီ အချိန်ကြာပါတယ်။  ပစ္စည်းပြတ်လပ် အချိန်နှောင့်နှေးတာတွေကြောင့် အစိုးရတွေဟာ မလွှဲရှောင်သာပဲ စီးပွားရေးထိခိုက်တဲ့ အသွားအလာ ကန့်သတ်ချက် လော့ဒေါင်းတွေကို ချမှတ်ကျင့်သုံး နေရပါတယ်။  စကေးလ်ဆဲလ်နဲ့ ပြင်သစ်အမျိုးသားသိပ္ပံသုတေသနဌာန(CNRS) တို့ ပူးပေါင်းပြီး မောင့်ထ် ပေလီယာမြို့မှာ တီထွင်တဲ့ EasyCOV စနစ်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု ရှိ၊မရှိ စမ်းသပ်ရာမှာ လူနာကိုယ်တိုင် စမ်းသပ်နိုင်ပါတယ်။  တံတွေးကို စုပ်တံနဲ့ယူပြီး အလွယ်တကူ သယ်လို့ရတဲ့ စမ်းသပ်တံထဲမှာ အပူပေး လိုက်ပြီးရင် မိနစ် ၄၀ အကြာမှာ အရည်ရဲ့အရောင်ကို ကြည့်ပြီး ခွဲခြားနိုင်တယ်လို့ သိရပါတယ်။ အဲဒီနောက် အရည်က အဝါရောင်ဆိုရင် ကိုဗစ်-၁၉ ကူးစက်ခံ လူနာဖြစ်ပြီး အရည်က လိမ်မော်ရောင်ဆိုရင် သာမန်လူကောင်းဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up