ကလီယိုပါထရာအဖြစ် ဟောလိဝုဒ်စတား Gal Gadot သရုပ်ဆောင်မည့်အပေါ် ဝေဖန်မှုများရှိနေ

ဟောလိဝုဒ်စတား သရုပ်ဆောင်မင်းသမီး Gal Gadot ဟာ အီဂျစ်ဘုရင်မ ကလီ ယိုပါထရာအနေနဲ့ ရုပ်ရှင်ကားသစ်တကားမှာ ပါဝင်သရုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ ဒီကားကိုတော့ သူပါဝင်ခဲ့တဲ့ Wonder Woman ရုပ်ရှင်ဇာတ်ကားတွေရဲ့ ဖန်တီးရှင် အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Patty Jenkins ကပဲ ရိုက်ကူးပုံဖော်ပေးသွားမှာဖြစ်ကာ Paramount Pictures ကနေ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။  လတ်တလောမှာတော့ ဒီကားထဲမှာ Gal Gadot က ကလီယိုပါထရာနေရာက သ ရုပ်ဆောင်မယ့်အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ အီဂျစ်ဘုရင်မ ကလီယိုပါထရာအကြောင်းကိုတော့ ရုပ်ရှင်တွေ၊ ပြဇာတ်တွေနဲ့ တ ခြားသော အနုပညာပုံဖော်ဖန်တီးမှုတွေ အမျိုးမျိုးနဲ့ ပရိသတ်တွေက ရင်းနှီးကြပြီး ဖြစ်မှာ ပါ။ ရုပ်ရှင်အနေနဲ့ ဖန်တီးပုံဖော်ခဲ့ကြတဲ့ ကလီယိုပါထရာရုပ်ရှင်ဇာတ်ကောင်နေရာမှာ Gal Gadot ဟာ ပထမဆုံးသရုပ်ဆောင်ခဲ့သူတော့ မဟုတ်ပါဘူး။ အရင်ကလည်း ဟောလိ ဝုဒ်သရုပ်ဆောင်မင်းသမီးတွေ ဖြစ်ကြတဲ့ Claudette Colbert ၊ Vivien Leigh နဲ့ Elizabeth Taylor တို့ကလည်း သရုပ်ဆောင်ခဲ့ကြဖူးပါတယ်။  အဲဒီခေတ်ဟောင်းရုပ်ရှင်တွေထဲမှာတော့ ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်မင်း သမီးကြီး Elizabeth Taylor ခေါင်းဆောင်ပါဝင်ခဲ့တဲ့ ၁၉၆၃ ခုနှစ် ရုပ်ရှင်ကတော့ အ အောင်မြင်ဆုံး ရုပ်ရှင်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ခုတခါ Gal Gadot က ကလီယိုပါထရာအနေနဲ့ ပါဝင်မယ့် ရုပ်ရှင်နဲ့ ပတ်သက်ပြီး ဘုရင်မကြီး ကလီယိုပတ်ထရာဟာ အီဂျစ်ကဖြစ်တာကြောင့်မို့ အဲဒီနေရာအတွက် ဇာတ် ကောင်ကို ရွေးချယ်တဲ့နေရာမှာ အာရပ်သရုပ်ဆောင်တွေကို ရွေးချယ်ရမယ့်အစား အစ္စ ရေးသရုပ်ဆောင်မင်းသမီးတလက်ကို ရွေးချယ်ခဲ့တာက မသင့်တော်ဘူးလို့ ဝေဖန်ပြောဆို မှုတွေ ရှိနေသလို ကလီယိုပတ်ထရာဟာ အီဂျစ်ကိုအုပ်စိုးခဲ့တဲ့ ဘုရင်မကြီးဖြစ်ပေမယ့် ဂရိ မက်စီဒိုနီယံနွယ်ဖွားဖြစ်တာမို့ Gal Gadot ဟာ အဲဒီဇာတ်ကောင်နဲ့ လိုက်ဖက်ညီကြောင်း ထောက်ခံအားပေးသူတွေလည်း ရှိနေပါတယ်။ ပါလက်စတိုင်း-ဂျာမန်ဒါရိုက်တာ Lexi Alexander ကတော့ ကလီယိုပါထရာဇာတ် ကောင်နေရာမှာ လူမည်းအမျိုးသမီးသရုပ်ဆောင်ပဲ ဖြစ်သင့်တယ်လို့ ဝေဖန်ထားခဲ့တာပါ။ Gal Gadot ကကတော့ ပရိသတ်တွေအနေနဲ့ တခါမှမတွေ့မမြင်ဘူးသေးတဲ့ ရှု ထောင့်ကနေ ဒီရုပ်ရှင်ထဲမှာ ပါဝင်သရုပ်ဆောင်သွားဖို့ ရှိနေတဲ့အကြောင်း တွစ်တာလူမှု ကွန်ရက်ပေါ်ကတဆင့် အသိပေးထားခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ သရုပ်ဆောင်မင်းသမီး Gal Gadot ကိုတော့ ဟောလိဝုဒ်ရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံးရရှိတဲ့ သရုပ်ဆောင်တွေထဲက တယောက် အဖြစ် အားလုံးက သိထားကြပါတယ်။ သူဟာ အသက် ၁၈ နှစ်အရွယ် ၂၀၀၄ ခုနှစ်မှာ အစ္စရေးနိုင်ငံ ကိုယ်စားပြု မယ်စကြဝဠာ အလှမယ်တယောက် ဖြစ်ခဲ့ပြီးနောက် စစ်တပ်မှာ ကာယနည်းပြ တယောက် အနေနဲ့ ၂ နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဥပဒေနဲ့ နိုင်ငံတကာဆက်ဆံရေးပညာ အထူးပြုဘွဲ့ရရှိခဲ့ပြီး မော် ဒယ်နဲ့ သရုပ်ဆောင်လောကထဲ ခြေချခဲ့တာ ဖြစ်ပါတယ်။ သရုပ်ဆောင်မင်းသမီးတယောက်အနေနဲ့ နိုင်ငံတကာက အသိအမှတ်ပြုခံခဲ့ရတဲ့ Gal Gadot ရဲ့ ပထမဆုံးရုပ်ရှင်ကတော့ ၂၀၀၉ ခုနှစ်ထွက် Fast & Furious ရုပ်ရှင်ဖြစ်ပြီး ဆက်တိုက်ဆိုသလို ရုပ်ရှင်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ရပြီး Wonder Woman(2017) နဲ့ Batman v Superman: Dawn of Justice (2016) ရုပ်ရှင်ကားတွေ ဟာ ထင်ရှားတဲ့ ရုပ်ရှင်ကားတွေ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ သူဟာ တိုင်းမ်မဂ္ဂဇင်းက ရွေးချယ်တဲ့ ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အရင် ရုပ်ရှင်ကားရဲ့ Sequel ရုပ်ရှင်ကားတကားအနေနဲ့ ထပ်မံ ရိုက်ကူး ထားတဲ့ Wonder Woman 1984 ကို ရုံတင်ပြသဖို့ ရှိနေတာပါ။ လတ်တလော ကိုဗစ်ကာလမို့ ရုံတင်ရက်အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရခဲ့ ဒီရုပ်ရှင်ကား ကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၁၇၅ သန်း အကုန်အကျခံ ရိုက်ကူးထားပြီး လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့မှာ ရုံတင်သွားမယ်လို့ ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up