မိုးမောက် ကျောက်စခန်းလမ်းပိုင်း ပျက်စီးနေသဖြင့် ဒေသခံများ ကိုယ်ထူကိုယ်ထ ပြုပြင်
DVB
·
October 15, 2020
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ထဲက ကျောက်စခန်းကျေးရွာကို သွားတဲ့လမ်း ပျက်စီးနေတဲ့အတွက် ကိုယ်ထူကိုယ်ထ ပြုပြင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေအနေနဲ့သွားလာရေး အခက်ခဲဖြစ်ပေါ်နေတာကြောင့် အောက်တိုဘာ ၇ ရက်က စတင်ကာ ကိုယ်ထူကိုယ်ထ ပြုပြင်နေတာဖြစ်ပြီး မိုးမောက်မြို့ကနေ ကျောက်စခန်းကျေးရွာ ငါးကန်ကွေ့ထိ ၃ မိုင်အရှည်ရှိတဲ့လမ်းကို ပြုပြင်သွားမယ်လို့ အဲဒီလမ်းကို ဦးဆောင် ပြုပြင်ဆောင်ရွက်နေသူက ပြောပါတယ်။
အခုလမ်းကိုပြုပြင်ဖို့အတွက် အလှူရှင်တွေရှာခဲ့ရသလို ကျေးရွာက တာဝန်ရှိသူတွေနဲ့ အစည်းဝေးပြုလုပ်ပြီးမှ ဆောင်ရွက်ပြီးမှ ပြုပြင်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလမ်းဟာ မိုးမောက်မြို့ကနေ လွယ်ဂျယ်မြို့အထိ ၄၇ မိုင်ကျော် ရှည်လျားတဲ့လမ်းဖြစ်ပြီး တရုတ်ပြည်ကို အဓိကသွားတဲ့ ကျောက်စီလမ်း အမျိုးစားလည်းဖြစ်ပါတယ်။
အဲဒီလမ်းပိုင်းကို ပြုပြင်ဖို့ ဟုန်းရှင်းကျန်းဘ ကုမ္ပဏီက ၄၀၃ သန်းအကုန်ကျခံကာ လုပ်ကိုင်ခွင့်ရရှိထားပေမယ့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့အတွက် အဆိုပါကုမ္ပဏီနဲ့ လုပ်သားတွေဟာ လမ်းတည်ဆောက်ရေးကို ရပ်ဆိုင်းထားပြီး တရုတ်ပြည်ဘက်ကို ပြန်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ ဒေသခံတွေ ကိုယ်ထူ ကိုယ်ထ ပြုပြင်နေတာဟာ ၂ မိုင်ခန့် ပြီးစီးနေပြီဖြစ်ကာ အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြည်နယ် လမ်းဦးစီးဌာနကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
သတင်း - ဇော်လင်းအောင်