အောင်ဆန်းရုပ်ရှင်ရိုက်ကူးပြီးစီးမှု အခြေအနေ ထုတ်ပြန်(ရုပ်သံ)
DVB
·
October 15, 2020
သရုပ်ဆောင်လူမင်း ဒါရိုက်တာအနေနဲ့ ရိုက်ကူးပုံဖော်နေတဲ့ အောင်ဆန်းရုပ်ရှင် ရိုက်ကူးပြီးစီးမှုအခြေအနေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေရဲ့ ပြောကြားချက်တွေနဲ့ ရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။
အောင်ဆန်းရုပ်ရှင်စတင်ရိုက်ကူးရေး မိတ်ဆက်ပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ၃၀ ရက်နေ့မှာတော့ ရိုက်ကူးရေး လုပ်ငန်းတွေကို စတင်ခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ဒီကားကို ရက်ပေါင်း ၁၀၀ ကျော်ရိုက်ကူးခဲ့ပြီး ဖြစ်တယ်လို့ ဒါရိုက်တာ လူမင်းက ဆိုပါတယ်။
အောင်ဆန်းရုပ်ရှင်အတွက် ဇာတ်ကောင်ရွေးချယ်မှုပိုင်းကို တာဝန်ယူထားတဲ့ ဒါရိုက်တာ ပန်းချီစိုးမိုးကတော့ “နဂိုက ရွေးပြီးသားကတော့ ဗိုလ်ချုပ်နေရာရယ်၊ ဒေါ်ခင်ကြည်နေရာရယ် နဂိုဇာတ်ကောင်တွေ ရွေးပြီးသားပေါ့၊ ကျန်တဲ့ ဇာတ်ဆောင်တွေကတော့ နောက်ပိုင်းမှ ရွေးတာ၊ သရုပ်ဆောင်ကတော့ အပြင်လူထက်တော့ ပိုကောင်းတာပေါ့၊ အမူအရာကောင်းမှ ဇာတ်ရှိန်တက်တာ၊ အဲတော့ အပြင်လူလည်း ဖြစ်ရင်ဖြစ် မယ်၊ ရုပ်ရှင်ထဲကလည်း ဖြစ်ရင်ဖြစ်မယ်၊ ရုပ်ရှင်ထဲကလည်း တူတဲ့လူပဲ ရွေးတာပါ”လို့ ပြောပါတယ်။
ဒီရုပ်ရှင်ကို ရန်ကုန်အပါအဝင် မန္တလေး၊ အင်းဝ၊ ရေနံချောင်း အစရှိတဲ့ မြို့တွေမှာပါ သွားရောက်ရိုက်ကူးနေတာဖြစ်ပြီး ဇာတ်ကောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း အဖြစ် ကျော်ကျော်မျိုး၊ ဒေါ်ခင်ကြည်အဖြစ် နန့်ဇာခြည်လင်း၊ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းအဖြစ် ညိုမင်းလွင်၊ သခင်နုအဖြစ် အောင်မော်ထွန်း၊ မန်းဘခိုင်အဖြစ် မင်းဦး၊ သခင်မြအဖြစ် ရဲအောင်၊ ဒေါက်တာ ဘမော်အဖြစ် ရန်အောင်၊ မာရီလှတောအဖြစ် မိုးဟေကို၊ ဗိုလ်နေဝင်းအဖြစ် နိုင်းနိုင်း၊ ဗိုလ်မင်းရောင်အဖြစ် လူမင်းတို့ ပါဝင်သရုပ် ဆောင်နေကြတာ ဖြစ်ပါတယ်။
နောက်ထပ် ဇာတ်ကောင်ဖြစ်တဲ့ ဂဠုန်ဦးစောနေရာမှာ ဂဠုန်ဦးစောရဲ့ မြစ်ဖြစ်တဲ့ ဇော်ဇော်ပိုင်ကို အစပိုင်းက ထည့်သွင်းရိုက်ကူးဖို့ ပြင်ဆင်ခဲ့ပေမယ့် မိသားစုက ခွင့်မပြု တော့တာကြောင့် နောက်ထပ် လူရွေးချယ်ဖို့ Casting ခေါ်ခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ဂဠုန်ဦးစောနေရာမှာ သရုပ်ဆောင်ဖို့အတွက် လာရောက် လျှောက်ထားသူ ဥက္ကာကျော်ကို လူတွေ့စစ်ဆေးမေးမြန်းမှုတွေ၊ မိတ်ကပ်စမ်းသပ်လိမ်း ခြယ်မှုတွေ လုပ်ဆောင်ခဲ့ပြီး ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
“အောင်ဆန်းရုပ်ရှင်”ရိုက်ကူးရေးလုပ်ငန်းတွေကိုတော့ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ရပ်နားထားခဲ့ရပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့တုန်းကတော့ သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်ဆီ ညှိနှိုင်းခွင့်ပြုချက်ရယူကာ ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်မှာ ရိုက်ကွင်းတည်ခဲ့ပြီး ရိုက်ကူးမှုတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။
ရုပ်ရှင်ရိုက်ကူးရာမှာ ပြင်ဆင်ရတဲ့ အပိုင်းတွေနဲ့ ပတ်သက်ပြီးတော့ လူမင်းက ခုလို ပြောပါ တယ်။
“ပြင်ဆင်ရတာကတော့ မရိုက်ခင်အချိန်ထိကို သတိထားပြီး ပြင်ဆင်နေရတုန်းပဲ၊ ဘာလို့လဲဆိုတော့ သတိလေးတချက်လစ်တာနဲ့ ပါသွားနိုင်စရာ၊ ထင်ယောင်ထင်မှား ဖြစ် စရာတွေက အမြဲရှိတယ်၊ ဉပမာ အင်္ကျီလေးတထည်ဖြစ်ဖြစ်၊ ပုဆိုးလေးတထည်ဖြစ်ဖြစ်၊ တပ်တဲ့ မျက်မှန်ဖြစ်ဖြစ်၊ ဘောပင်လေးတချောင်းပဲဖြစ်ဖြစ် ခေတ်နဲ့ အံဝင်ခွင်ကျ လွဲချော် မှုတွေက ပါနိုင်တာကြောင့် ရိုက်တဲ့ နေရာမှာလည်း တချို့သမိုင်းအချက်အလက်တွေက ကိုယ်တို့ သတိကြီးစွာထားပြီး ရိုက်ရပါတယ်”
ဒီရုပ်သံထဲမှာတော့ သက်ဆိုင်ရာ မြန်မာ့သမိုင်းအဖွဲ့ ပညာရှင်တွေ၊ ဇာတ်ကောင် တွေရဲ့ ခေတ်အလိုက် အဝတ်အစားပိုင်းဆိုင်ရာ တာဝန်ယူထားတဲ့ ပညာရှင်တွေကလည်း “အောင်ဆန်းရုပ်ရှင်”ရိုက်ကူးရေး အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြထားခဲ့ကြတာပါ။
ရုပ်ရှင်ထဲမှာ ပါဝင်မယ့် CGI အထူးပြုလုပ်ချက်တွေ၊ နည်းပညာပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်ပြီးတော့ ဘောလိဝုဒ်က ပညာရှင်တွေကလည်း Third Party အနေနဲ့ ပူးပေါင်း ရိုက်ကူးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
“အောင်ဆန်းရုပ်ရှင်”အဖွဲ့သားတွေအနေနဲ့ အကောင်းဆုံး ကြိုးစားနေပြီး ရိုက် ကူးပြီးစီးမှုအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာ အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန်ပေးသွားမယ်လို့ လူမင်းက ပြောပါတယ်။