ကိုဗစ်-၁၉ ရောဂါအတွက် ခုခံအားစစ်ဆေးမှု မြန်မာနိုင်ငံတွင် စတင်လုပ်ဆောင်မည်
ပိုင်စိုး
·
October 14, 2020
ကိုဗစ်-၁၉ ရောဂါအတွက် ခုခံအားစစ်ဆေးတာကို ဒီတပတ်ထဲမှာ စတင်တော့မယ်လို့ ဆေးပညာရှင်တယောက်ဖြစ်တဲ့ ရန်ကုန် ဆေးတက္ကသိုလ် ၁ ဆေးပညာဌာနရဲ့ ပါမောက္ခဌာနမှူး ဒေါက်တာ ဇော်လင်းအောင်က ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်တဲ့ အမေးအဖြေကဏ္ဍမှာ ပြောတာဖြစ်ပြီး အခု မြန်မာပြည်မှာ ခိုင်မာ တိကျမှုရှိတဲ့ (Antibody Test) စက်တွေကို တင်သွင်းလာပြီး ဒီတပတ်ထဲမှာပဲ စတင် စစ်မှာဖြစ်တယ်လို့ ပြောပါတယ်။
“ဒီလိုစစ်တော့ ဘာထူးမှာလဲလို့ဆိုရရင် ရောဂါကို စတင်ပြီးထိတွေ့တဲ့သူက ၂ ပတ်၊ ၁၄ ရက် အလွန်ကျရင် သူ့ရဲ့ သွေးထဲမှာ ခုခံအားဆိုတဲ့ ပဋိပစ္စည်းတခု ပေါ်လာပါတယ်။ ဒီ ပဋိပစ္စည်းကို တိုင်းတာကြမယ်။ ဒါကြောင့် စတင်တဲ့ ပထမအဆင့်အနေနဲ့ ဒီရောဂါတွေကို ပြုစုစောင့်ရှောက်နေ ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ကိုယ်ခံအားပဋိပစ္စည်း ဘယ်လောက်ပေါ်လဲဆိုတာ ကျနော်တို့ စတင်ပြီး စမ်းသပ်ပါတယ်။ စမ်းသပ်တဲ့ အခါမှာလည်း တကြိမ်တည်း စမ်းသပ်လို့ မသေချာရင် နှစ်ကြိမ် စမ်းသပ်မှာ ဖြစ်ပါတယ်။ စမ်းသပ်ပြီးတဲ့အခါမှာ ကိုယ်ခံအားတွေ ပေါ်နေပြီဆိုရင်ဖြင့် ရောဂါကို ထိတွေ့ပြီးသားဖြစ်တယ်။ ရောဂါပိုး ဝင်ရောက်ပြီးသားဖြစ်တယ်။ တစ်ခါတစ်ရံ လက္ခဏာပြတယ်။ တစ်ခါတစ်ရံ လက္ခဏာ မပြဘူး။ အဲဒီလိုမျိုး သတ်မှတ်လို့ ရပါတယ်” လို့ ဒေါက်တာ ဇော်လင်းအောင်က ပြောပါတယ်။
ဈေးကွက်ထဲမှာလည်း စီးပွားရေးအရ ရောင်းနေတဲ့ စက်တွေရှိနေပေမယ့် ခိုင်မာတိကျတာ မရှိရင် ကောက်ချက်မှားသွားနိုင်တယ်လို့ ပြောပါတယ်။
“ဒီမှာလည်း လူအများစုကို စစ်လိုက်ပြီး ဥပမာအားဖြင့် တနိုင်ငံလုံးရဲ့ ၆၀/ ၇၀ ရာခိုင်နှုန်းသည် အဲဒီပဋိပစ္စည်းတွေ ပေါ်နေရင်တော့ ဝမ်းသာစရာကောင်းပါတယ်။ ဒါကို Herd Immunity (လူအများစုမှာ ကိုယ်ခံအားရှိနေခြင်း) လို့ခေါ်ပါတယ်။ အဲဒါသည် ကူးစက်ခြင်းကြောင့် ရနိုင်သလို ကာကွယ်ဆေးထိုးခြင်းနဲ့လည်း ရနိုင်ပါတယ်။
ဒါကြောင့် အဲဒါတွေကို မျှော်လင့်နေပါတယ်။ ဒါကြောင့်မို့လို့ ဒီစစ်ဆေးတဲ့ Test တွေပေါ့လေ။ Antibody Test လို့လည်း ခေါ်ပါတယ်။ စတင်တော့မှာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး ခိုင်မာမှု သေချာတဲ့စက်တွေလည်း အခုရရှိနေပါပြီ။ စစ်ပြီးတဲ့အခါမှာ အဲဒီကနေအခြေခံပြီး Strategy (ဗျူဟာ) တွေ၊ နည်းဗျူဟာတွေကို ဘယ်လိုပြုလုပ်ကြမလဲ။ ဘယ်လိုရှေ့ဆက်လျှောက်ကြမလဲ ဆိုတဲ့ Idea (စိတ်ကူး) တွေလည်း ရမှာဖြစ်ပါတယ်” လို့လည်း ဆိုပါတယ်။
ဒီအဖြေပေါ်မူတည်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဆုံးဖြတ်ချက်ချတာ၊ ရှေ့ဆက်သွားရမယ့် လမ်းစဉ်တွေကို အကောင်အထည်ဖော်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၃၀,၄၃၇ ယောက် ၊ သေဆုံးသူ ၆၉၃ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၁,၇၆၉ ယောက် ရှိပြီဖြစ်ပါတယ်။