မင်းကင်းမြို့နယ်၌ တစ်ရက်အတွင်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ၁၂ မှုဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်မှာ  နိုင်ငံတော်အကြည်ညိုပျက်စေမှု ၁၂ မှုနဲ့  ရွာသား ၁၅ ဦးကို ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ အောက်တိုဘာ ၁၂ ရက်နေ့က တရားရုံးကို ဦးတိုက်လျှောက်ထား တရားစွဲဆိုထားပါတယ်။ မင်းကင်းမြို့နယ်အတွင်း ရွေးကောက်ပွဲကာလမှာ ဘာသာရေး၊ လူမျိုရေး စတဲ့ အမုန်းတရားတွေပြန့်ပွားအောင် Bluetooth Speaker အသံချဲ့စက်စတာတွေအပြင် လူကိုယ်တိုင်ရွာတွင်း လှည့်လည်အော်ဟစ်တာတွေ ရှိခဲ့တာကြောင့် သက်သေတွေနဲ့တကွ မြို့နယ်စီမံခန့်ခွဲမှုကော်မတီကို တင်ပြလာတဲ့အတွက် သက်ဆိုင်ရာအဆင့်ဆင့်ကို တင်ပြပြီး သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့ အခုလို တရားစွဲတာဖြစ်တယ်လို့ မင်းကင်းမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။  မင်းကင်းမြို့နယ် အုပ်ချုပ်ရေးမှူး  ဦးဆန်းဗိုလ်က “ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး တရားရုံးမှာ ဦးတိုက်လျှောက်ထား အမှုဖွင့်တာ ရှိပါတယ်။ တစ်ရက်ထဲမှာ ၁၂ မှုဖွင့်တာပါ။ အဓိကကတော့ နိုင်ငံတော်အတိုင်ပင်ခံတို့၊ နိုင်ငံတော်အစိုးရတို့ကို ပုတ်ခတ်ထိခိုက် စော်ကားတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ သံချဲ့စက်တွေနဲ့ ဖွင့်တာတွေ အများပြည်သူသိအောင် ပြောတာတွေပေါ့။ အဲဒါတွေက အန်အယ်လ်ဒီ ဥပဒေအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ  ကနေ တင်ပြတိုင်ကြားမှုရှိတဲ့အပေါ် အပေါ်ကိုတင်ပြပြီး ထွေအုပ်က ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးကနေ တရားလိုလုပ်ပြီးတော့ ၅၀၅ (ခ)နဲ့ အမှုဖွင့်ထားတာပါ။”လို့ ပြောပါတယ်။ အမှုနဲ့ပတ်သက်လို့ လူ ၁၅ ဦးကို တရားစွဲထားတဲ့အထဲက ၁၃ ဦးကိုတော့ ဖမ်းဆီးထားပြီး ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဆိုပါတယ်။  နယ်တွေကနေ တင်ပြလာတဲ့အပေါ် သက်သေခိုင်လုံမှု၊ တရားစွဲသင့်မစွဲသင့်ဆိုတာတွေနဲ့ပတ်သက်လို့ စိစစ်ပြီး စွဲဆိုနိုင်ဖို့ တင်ပြခဲ့တာလို့ အန်အယ်လ်ဒီ ဥပဒေအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ   ဦးကျော်မင်းထွဋ်က ပြောပါတယ်။ “ရွေးကောက်ပွဲနဲ့ သက်ဆိုင်တယ်။ အဓိက  အန်အယ်လ်ဒီ အစိုးရကို အယုံအကြည်မဲ့သွားအောင် အန်အယ်လ်ဒီပါတီက အုပ်ချုပ်နေတဲ့အတွက် ဘာသာရေး၊ လူမျိုးရေးကအစ နိုင်ငံတကာရဲ့ ထောက်ပံ့ငွေတွေပါ အစိုးရက အလွဲသုံးစားလုပ်ပါတယ်ဆိုတဲ့ ဟာမျိုးတွေကို အများပြည်သူသိအောင် ဖွင့်တာ။ ပေါ်ပေါ်တင်တင် လူအများကြားအောင် ဖွင့်တာ။ နိုင်ငံရေးထိုးနှက်ချက်ပေါ့။ ၈ လပိုင်း ၁၈ ရက်က စဖြစ်တာ။ ဖွင့်တာတွေကလည်း တစ်ရွာနဲ့ တစ်ရွာ ဆင်တူနေတယ်။ တစ်စုံတစ်ယောက်ကနေ ဖြန့်ဝေတယ်လို့တောင် ယူဆရတယ်။ ၁၂၄ နဲ့ စွဲလို့ရတယ်။ ဒါပေမဲ့ အလုပ်ရှုပ်မှာတွေကြောင့် ၅၀၅ (ခ) နဲ့ပဲ စွဲတာပါ။”လို့ ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် အစိုးရကို ပြည်သူလူထုက မလိုမုန်းထားအောင်၊ မလေးစားအောင်၊ ဂုဏ်သိက္ခာကျဆင်းအောင်၊ မေတ္တာပျက်အောင် စတဲ့ရည်ရွယ်ချက်တွေနဲ့ "ဒေါ်အောင်ဆန်စုကြည် အုပ်ချုပ်သည့် ၅ နှစ်အတွင်း နိုင်ငံတော်ဘဏ္ဍာကို အကုန်ပြောင်ခိုးသွားတယ်။ ဖိုးစွဲနေတဲ့ သူ့သားအငယ်ကောင်အတွက် တစ်လုံးကို ၆ ယောက်လောက်ထမ်းရတဲ့ သေတ္တာ (၂၆) လုံးကို လေယာဉ်နဲ့ ပိုးပြီးပြီ။”စတဲ့ ဟောပြောချက်တွေ အပါအဝင် ဘာသာရေး၊ လူမျိုးရေး ချစ်ကြည်ရင်းနှီးမှု ပျက်ပြားစေတဲ့ အသုံးအနှုန်းတွေပါတဲ့ အသံဖိုင်တွေကို  ကျေးရွာတွေမှာ  လူကိုယ်တိုင်အပါအဝင် ဆောင်းဘောက်တွေနဲ့ ဖွင့်တာလို့လည်း ဆိုပါတယ်။ နောက်ထပ်လည်း အမှုတွေ ထပ်တက်လာနိုင်တဲ့အလားအလာတွေလည်း ရှိနေသေးတယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up