ရော်နယ်ဒို၏ ဂိုးသွင်းစံချိန်ကို ဘရာဇီးတိုက်စစ်မှူး နေမာ ကျော်ဖြတ်

ပီရူးအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး နေမာဟာ ရော်နယ်ဒိုရဲ့ ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်ကာ ဘရာဇီးအသင်းအတွက် ဒုတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာပါတယ်။ ပီအက်စ်ဂျီ တိုက်စစ်မှူးဟာ ဒီပွဲမှာ သွင်းဂိုး ၂ ဂိုးကို ပင်နယ်တီကနေတဆင့် ရရှိခဲ့တာဖြစ်ပြီး ဟက်ထရစ်ဖြစ်စေမယ့် ဂိုးကို အချိန်ပိုမှာ ရရှိခဲ့ပါတယ်။  ဒါ့ကြောင့် အသက် ၂၈ နှစ်အရွယ် နေမာဟာ ဘရာဇီးအသင်းအတွက် ၁၀၃ ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး ၆၄ ဂိုးအထိ ရှိလာပြီဖြစ်ပြီး ဂန္ထဝင်ကစားသမားကြီး ရော်နယ်ဒိုရဲ့ သွင်းဂိုးမှတ်တမ်းကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒိုကြီးလို့ လူသိများတဲ့ ရော်နယ်ဒိုဟာ သူ့ရဲ့ ၁၇ နှစ်ကြာ ကစားသမားဘဝအတွင်း ဘရာဇီးအသင်းအတွက် ၉၈ ပွဲ ကစားကာ ၆၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။ သူဟာ အသင်းနဲ့အတူ ကမ္ဘာ့ဖလား ၂ ကြိမ်၊ ကိုပါဖလား ၂ ကြိမ်နဲ့ ကွန်ဖက်ဒရေးရှင်းဖလား ၁ ကြိမ် ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ ဘရာဇီးအသင်းအတွက် နေမာထက် ဂိုးပိုသွင်းထားနိုင်တာ ပီလီတစ်ယောက်သာ ရှိတော့ပြီး ပီလီကတော့ ၇၇ ဂိုး သွင်းယူပေးထားပါတယ်။  နေမာရဲ့ စွမ်းဆောင်ရည်ကြောင့် သူဟာ ဘရာဇီးအသင်းကို ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားပိုင်ရှင်ဖြစ်စေမယ့် ကစားသမားတစ်ဦးလို့လည်း ဘရာဇီးဂန္ထဝင်ဂိုးသမားကြီး တက်ဖာရယ်က ပြောပါတယ်။  နေမာအနေနဲ့ ပီအက်စ်ဂျီအသင်းနဲ့သာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ရင် သူဟာ ဖီဖာရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိမယ့်သူလို့လည်း တက်ဖာရယ်က သုံးသပ်ပါတယ်။ နေမာဟာ အခုရာသီအစပိုင်းမှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရသူဖြစ်ပြီး အစောပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပါတယ်။ အဲဒီနောက်မှာ ပြန်ကစားခဲ့တဲ့ မာဆေးလ်နဲ့ပွဲမှာ တိုက်ရိုက်အနီကတ်ပြ ထုတ်ခံခဲ့ရပြီး ပြိုင်ဘက်နောက်ခံလူ ဂွန်ဇာလတ်ကိုလည်း လူမျိုးရေး ခွဲခြားခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် သူဟာ ၂ ပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရပါတယ်။ သူဟာ ဘရာဇီး လက်ရွေးစင်အသင်းအတွက် ၁၁ လအတွင်း ပထမဆုံးပွဲအဖြစ် ဘိုလီဗီးယားကို ၅ ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ကစားခဲ့ပြီး အသင်းအတွက် ၂ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up