မက်ဆီနှင့်တစ်ခန်းတည်း အတူနေထိုင်ခဲ့သည့်ကိစ္စ အဂွဲရိုး အရွှန်းဖောက်ပြောဆို 

လက်ရွေးစင်အသင်းအတွက် ယှဉ်ပြိုင်ရတိုင်း တစ်ခန်းတည်း အတူတူနေတတ်တဲ့ သူနဲ့ မက်ဆီဟာ ‘ငယ်လင်၊ ငယ်မယား’ လိုပါပဲလို့ အာဂျင်တီးနားတိုက်စစ်မှူး ဆာဂျီယိုအဂွဲရိုးက အရွှန်းဖောက် ပြောဆိုလိုက်ပါတယ်။ မန်စီးတီး ကစားသမားဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းမှာ ၂၀၀၆ ခုနှစ်ကတည်းက စတင်အရွေးချယ်ခံခဲ့ရပြီး ၉၇ ပွဲမှာ ၄၁ ဂိုး သွင်းပေးထားပါတယ်။ အဂွဲရိုးဟာ အာဂျင်တီးနားအသင်းအတွက် တတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပြီး သူ့အထက်မှာ ဘာတစ္စတူတာနဲ့ မက်ဆီတို့သာ ရှိပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ၂၀၀၅ ခုနှစ်မှာ နိုင်ငံအသင်းအတွက် ကိုယ်စားပြုခွင့်ရရှိခဲ့ပြီး အဂွဲရိုးနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ၃ ခု၊ ကိုပါဖလားပြိုင်ပွဲ ၄ ခုနဲ့ ရွှေတံဆိပ်ဆုရရှိခဲ့တဲ့ ၂၀၀၈ အိုလံပစ်ပြိုင်ပွဲတို့မှာ အတူတွဲကစားခဲ့ပြီး အရင်းနှီးဆုံးမိတ်ဆွေတွေ ဖြစ်ခဲ့ပါတယ်။  မက်ဆီနဲ့ တစ်ခန်းတည်း အတူနေထိုင်ရဖို့ဆိုတာ လွယ်တော့မလွယ်ကူကြောင်း၊ သူတို့ နိုင်ငံအသင်းအတွက် ကစားစဉ်ရှိခဲ့တဲ့ ခိုင်မာတဲ့ဆက်ဆံရေးကြောင့်သာ ဖြစ်တယ်လို့ အဂွဲရိုးက ပြောပါတယ်။ အဂွဲရိုးက Santo Sabado အစီအစဉ်မှာ “မက်ဆီက အမြဲတမ်း စောဒကပဲ တက်နေတာပါ။ ကျနော်တို့ဟာ ငယ်လင်၊ ငယ်မယားလိုပါပဲ။ ကျနော်က အမြဲလိုလို တီဗွီကြည့်ရင်း အိပ်ပျော်သွားတတ်တယ်။ နောက်တစ်နေ့ ရောက်ရင်တော့ မက်ဆီက ဒီကိစ္စကို ပွစိပွစိ ပြောတော့တာပါပဲ။ ကျနော်တို့ ဟိုတယ်ကိုရောက်ပြီဆိုတာနဲ့ သူက ရေတန်းချိုးတော့တာပါပဲ။ ကျနော်က ဖုန်းပြောနေတုန်းရှိသေးတယ်။ သူက ရေချိုးပြီး ညစာသွားစားဖို့၊ အချိန်မရှိတော့တာကြောင့် မြန်မြန်လုပ်ဖို့ လောတော့တာပဲ” လို့ သူ့သူငယ်ချင်းနဲ့ ပတ်သက်တဲ့အကြောင်းကို အရွှန်းဖောက်ခဲ့ပါတယ်။  မက်ဆီ ခေါင်းဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ အင်္ဂါနေ့မှာ ကစားခဲ့တဲ့ ဘိုလီဗီးယားနဲ့ ပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဒဏ်ရာရရှိနေတဲ့ အဂွဲရိုးကတော့ နိုင်ငံအသင်းအတွက် ကိုယ်စားပြု ကစားပေးနိုင်ခြင်း မရှိခဲ့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up