Live
Home
မြန်မာသတင်း
မန္တလေးတွင် အလှပြင်ဆိုင် မီးလောင်ပြီး ၅ နှစ်အရွယ်ကလေးအပါအဝင် အမျိုးသမီး ၅ ဦး သေဆုံး
DVB
·
October 14, 2020
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်ရှိ အမျိုးသမီးအလှပြင်ဆိုင် တစ်ဆိုင်မှာ အောက်တိုဘာ ၁၃ ရက် ည ၁၂ နာရီအချိန်လောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အသက် ၅ နှစ်အရွယ်ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီး ၅ ဦး သေဆုံးခဲ့ပါတယ်။ မီးလောင်မှုဖြစ်ရတာဟာ ဆိုင်အတွင်းရှိ လျှပ်စစ်မိန်းခုံ အပူလွန်ကဲရာကနေ ဆိုဖာထိုင်ခုံပေါ်ကို မီးပွားကျကာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး သေဆုံးသူတွေဟာလည်း မီးလောင်လို့ သေဆုံးတာမဟုတ်ပဲ မီးခိုးမွှန်သေဆုံးတာလို့ မီးသတ်တပ်ဖွဲ့ က သိရပါတယ်။ မီးလောင်မှုကြောင့် ဆိုင်အပေါ်ထပ်မှာ အိပ်နေတဲ့  ဒေါ်လင်းလက်ဖြူ (ခ) ဖွေးဖွေးဦး (၄၅)နှစ်၊ မတုံတုံစု (၃၂)နှစ်၊ မပိုးဥ (၂၀)နှစ်၊ ယွန်းမီမီကျော် (၁၃)နှစ်၊ မချစ်စုလင်းလက် (၅)နှစ် စုစုပေါင်း အမျိုးသမီး (၅)ဦး မီးခိုးမွှန်းအသက်ရှုကြပ်ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ပါတယ်။ မီးလောင်ရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး ဦးဆောင်ပြီး မီးငြိမ်းသတ်ယာဉ် ၁၀ စီး ၊ ရေသယ်ယာဉ် ၅ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ သန္ဓေ ၃၆ဦး၊ အရန် ၆၆ဦးနဲ့  သွားရောက်မီးငြှိမ်းသတ်ခဲ့ရာမှာ ဒီနေ့  မနက် ၁၂နာရီ ၁၀မိနစ်လောက်မှာ  မီးငြိမ်းသွားပါတယ်။ မီးလောင်မှုကြောင့် အလှပြင်ဆိုင်ခန်း၊ ဆိုင်ကယ်တစ်စီးနဲ့ အလှကုန်ပစ္စည်းတွေ မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်  ၇၆၀၀၀၀ ကျော်ရှိတယ်လို့ မန္တလေးတိုင်း မီးသတ်တပ်ဖွဲ့  ကထုတ်ပြန်ထားပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်ပြီး သေဆုံးသူ အလှပြင် ဆိုင်ပိုင်ရှင်  ဒေါ်လင်းလက်ဖြူ (ခ) ဖွေဖွေးဦး (၄၅)နှစ်ကို ချမ်းအေးသာစံမြို့နယ် အမှတ်(၆)နယ်မြေရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-၂၈၅/၃၀၄(က) တို့နဲ့ အမှုဖွင့်ထားပါတယ်။ သတင်း- သော်တာ Photo Credit - မန္တလေးတိုင်း မီးသတ်တပ်ဖွဲ့နှင့် ကိုသန်းဌေး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024