တောင်ကုတ်တွင် NLD ကိုယ်စားလှယ်လောင်း ၃ ဦးကို လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးသွား
ပြည့်ဘုန်းအောင်
·
October 14, 2020
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့က အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ယောက်ကို လက်နက်ကိုင်အဖွဲ့အစည်းတခုက အောက်တိုဘာ ၁၄ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဒီဗွီဘီကို ပြောပါတယ်။
“အဖမ်းခံရတာဟုတ်တယ်။ ဘယ်အဖွဲ့ကလုပ်လဲ ဆိုတာတော့မသိရသေးဘူး။ မဲဆွယ်စည်းရုံးရေး လုပ်နေတဲ့အခါမှ လက်နက်ကိုင်အဖွဲ့တစ်ခုကနေ စက်လှေနဲ့ ဖမ်းခေါ်သွားတာ” လို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။
အဖမ်းခံရတဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးကတော့ ဒေါ်ချစ်ချစ်ချော၊ ဒေါ်နီနီမေမြင့်နဲ့ ဦးမင်းအောင်တို့ ဖြစ်ပြီး သူတို့ဟာ တောင်ကုတ်မြိုနယ်ဆောင်းခါးကျေးရွာကို မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ ဆောင်ရွက်ရင်း အဖမ်းခံရတယ်လို့ ဆိုပါတယ်။
ဒီထဲမှာတော့ ဒေါ်နီနီမေမြင့်နဲ့ ဦးမင်းအောင်တို့နှစ်ဦးဟာ လက်ရှိ လွှတ်တော်ကိုယ်စား လှယ်တွေလည်းဖြစ်ပါတယ်။
အဖမ်းခံထားရသူတွေနဲ့ ပတ်သက်ပြီး လက်ရှိမှာတော့ နယ်မြေရဲစခန်းကို အကြောင်းကြားထားပြီး သက်ဆိုင်ရာကလည်း ရှာဖွေရေးလုပ်နေတယ်လို့ ဒေါက်တာမျိုးညွန့် ကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာလကလည်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌဖြစ်သူကို အေအေဖွဲ့ကနေ ဖမ်းဆီးခဲ့ပြီးနောက် တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေချိန်မှာ လက်နက်ကြီးထိပြီး သေဆုံးသွားခဲ့တယ်လို့ အေအေအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီ အလုပ်မှုဆောင်တွေ အခုလို ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေရှိတယ်လို့ အန်အယ်လ်ဒီ ပါတီဘက်ကတော့ ပြောပါတယ်။
“ကျနော့်အရှေ့မှာ သာဓကတွေ ရှိပြီးသား၊ ဦးရဲသိန်းတုန်းကလည်း အဖမ်းခံရပြီး သေသွားခဲ့တော့ အခုကိုယ်စားလှယ်တွေအတွက်လည်း အရမ်းကို စိုးရိမ်စရာ ဖြစ်နေတယ်။ နိုင်ငံရေး ပြဿနာဟာ နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းရမှာ။ အာဏာပိုင်အဖွဲ့ကို စင်ပြိုင်လုပ်လို့မရဘူး” လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) အဖွဲ့နဲ့ ညှိနှိုင်းပြီးသာ ဆောင်ရွက်ရမယ်လို့ အေအေအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားပါတယ်။
အခုလို အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေ အဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး အေအေအဖွဲ့ထံကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။