Homeမြန်မာသတင်း
ရှမ်းပြည်နယ်မြောက်ပိုင်း၌ ကိုဗစ်-၁၉ လူနာသစ် ၃ ဦးထပ်တွေ့၊ မဲရုံတာဝန်ကျ ဆရာမ ၁ ဦးပါဝင်
ရှမ်းပြည်နယ်မြောက်ပိုင်း၌ ကိုဗစ်-၁၉ လူနာသစ် ၃ ဦးထပ်တွေ့၊ မဲရုံတာဝန်ကျ ဆရာမ ၁ ဦးပါဝင်
DVB
·
October 14, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ မဲရုံ တာဝန်ထမ်းဆောင်ဖို့ ကွာရန်တင်း ဝင်နေတဲ့ ပညာရေးဝန်ထမ်း ၁ ဦးမှာ အောက်တိုဘာ ၁၂ ရက်နေ့က ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ကြောင်း ကျောက်မဲ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ကနေ သိရပါတယ်။
ကျောက်မဲမြို့က ပိုးတွေ့လူနာဟာ ၂၀၂၀ ရွေးကောက်ပွဲကာလ မဲရုံမှာ တာဝန်ထမ်းဆောင်ဖို့ ရန်ကုန်မြို့မှ ပြန်လည်ရောက်ရှိလာတဲ့ ပညာရေးဝန်ထမ်း ကျောင်းဆရာမတစ်ဦးဖြစ်ပါတယ်။
အလားတူ မူဆယ် ၁၀၅ မိုင် ကုန်တင်ယာဉ်တွေ ဆေးစစ်တဲ့နေရာမှာလည်း ကုန်တင်ယာဉ်မောင်း ၁ ဦးနဲ့ ယာဉ်နောက်လိုက် ၁ ဦးတို့ထံမှာလည်း အောက်တိုဘာ ၁၂ ရက်နေ့က ကိုဗစ်-၁၉ ပိုးတွေ့ခဲ့ကြောင်း မူဆယ်ကရုနာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။
မူဆယ်မြို့က ပိုးတွေ့လူနာသစ် တွဲကားယာဉ်မောင်းဟာ ကုန်တင်ပြီး ပြန်အဆင်း (၁၀၅)မိုင်မှာ စစ်ဆေးချိန် ပိုးတွေ့ရှိခဲ့တာဖြစ်ပြီး ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာမှာ နေထိုင်သူဖြစ်ပါတယ်။
ပိုးတွေ့လူနာသစ် ယာဉ်နောက်လိုက်တစ်ဦးကလည်း ကုန်တင်ပြီး ပြန်အဆင်း (၁၀၅)မိုင်မှာ စစ်ဆေးချိန် ပိုးတွေ့ရှိရတာဖြစ်ပြီး မန္တလေးမြို့ မြရည်နန္ဒာမှာ နေထိုင်သူဖြစ်ကြောင်း သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာ ၁၂ ရက်က ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၃ ဦးထပ်မံတွေ့ရှိပြီး လက်ရှိအချိန်အိ ပိုးတွေ့လူနာ နောင်ချိုမှာ ၂ ဦး၊ ကျောက်မဲမှာ ၂ ဦး၊ မူဆယ်မှာ ၈ ဦး စုစုပေါင်း ပိုးတွေ့ လူနာ ၁၂ ဦး ရှိပြီးသက်ဆိုင်ရာ မြို့အသီးသီးမှ ခရိုင်ဆေးရုံတွေမှာ ဆေးကုသမှုခံယူနေကြကာ အားလုံးကျန်းမာရေး အခြေအနေ ကောင်းမွန်တယ်လို့ သိရပါတယ်။
သတင်း- Pra Jaw