နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ လူနာသစ် ၂ ဦးထပ်တွေ့ပြီး အတည်ပြုနာ ၁၂ ဦးရှိလာ
DVB
·
October 14, 2020
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂ ယောက် ထပ်တိုးတာကြောင့် အောက်တိုဘာ ၁၃ ရက်အထိ အတည်ပြုလူနာပေါင်း ၁၂ ဦးရှိလာပြီလို့ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ အောင်ကျော်ဦးက ပြောပါတယ်။
လူနာသစ်တွေကတော့ ရန်ကုန်ကပြန်လာတဲ့ အသက် ၃၀ အရွယ် ပြင်စည်ရွာသား အမျိုးသား ၁ ဦးနဲ့ အသက် ၃၈ နှစ်အရွယ် လက်ဝဲရွာသား အမျိုးသား ၁ ဦးတို့ဖြစ်ပြီး နှစ် ဦးစလုံးရဲ့ ကျန်းမာရေးကောင်းမွန်နေတယ်လို့ ဆိုပါတယ်။
ပြင်စည်ရွာက လူနာကတော့ ရန်ကုန် ဘုရင့်နောင်ကားကွင်းကနေပြန်လာတဲ့ ကားမောင်းသား ဖြစ်ပြီး လက်ဝဲကျေးရွာက လူနာကတော့ ရောဂါကုသဖို့ ရန်ကုန်ကိုသွားရောက်ခဲ့ကာ အောက်တိုဘာ ၁၀ ရက်က နွားထိုးကြီးပြန်ရောက်တာပါ။
ပြင်စည်မှပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့သူ ၇ ဦးရှိနေပြီး သူတို့ကိုပါ မြို့နယ်ဆေးရုံ လေးထပ်ဆောင်မှာ ကွာရန်တင်း ထားထားတယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။
ခုထိ နွားထိုးကြီးမြို့နယ်ဆေးရုံမှာ ကိုဗစ်-၁၉ လူနာ ၁၁ ဦး ဆေးကုသမှု ခံယူနေကာ ၁၁ ဦးလုံးရဲ့ ကျန်းမာရေး ကောင်းမွန်နေတယ်လို့ မြို့နယ်ဆေးရုံ ဆရာဝန်ကြီးက ပြောပါတယ်။
သတင်း- ဇာဇာမောင်(CJ)