ကလေးမြို့၌ ကလေးငယ် ၁ ဦး အပါအဝင် ကိုဗစ်-၁၉ လူနာ ၁၀ ဦး ဆေးရုံမှ ဆင်းခွင့်ရ
DVB
·
October 14, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ ၁ နှစ်နဲ့ ၁၁ လအရွယ် ကလေးငယ်အပါအဝင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၀ ယောက်ကို အောက်တိုဘာ ၁၂ ရက်က ဆေးရုံကနေ ဆင်းခွင့် ပေးလိုက်ပြီလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီးက ပြောပါတယ်။
ကလေးမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၆ ယောက်ရှိပြီး အယောက် ၃၀ ဟာဆေးရုံကနေ ဆင်းခွင့်ရသွားလို့ ၆ ယောက်သာ ကျန်ရှိပါတယ်။
ဆေးရုံမှ ဆင်းခွင့်ရသူတွေဟာ ကျန်းမာရေးကောင်းမွန်ပြီး အစားပုံမှန်စားနိုင်ကာ သတ်မှတ်ထားတဲ့ ၁၁ ရက်အတွင်းမှာ ရောဂါလက္ခဏာ မပြတာကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ဆေးရုံက ဆင်းခွင့်ပေးလိုက်တာလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီးက ပြောပါတယ်။
ဆေးရုံက ဆင်းခွင့်ရတဲ့သူတွေကို သီတင်း တစ်ပတ်တိတိ နေအိမ်မှာ ကွာရန်တင်း ထားစောင့်ကြည့်သွားဖို့ ရှိပါတယ်။လက်ရှိဆေးရုံမှာ ကျန်ရှိနေသေးတဲ့ ပိုးတွေ့လူနာ ၆ ယောက်ဟာလည်း ကျန်းမာရေးကောင်းမွန်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရှားမီးကပြောပါတယ်။
စစ်ကိုင်းတိုင်းမှာ အောက်တိုဘာ ၁၂ ရက်အထိ ဆေးရုံ ၂၃ ရုံမှာ တက်ရောက် ဆေးကုသမှုခံယူခဲ့ရတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၁၁ ယောက်ရှိပြီး ၇၅ ယောက်က နေပြန်ကောင်းလို့ ဆေးရုံမှ ဆင်းခွင့်ရပြီး ၁၂၅ ယောက်က ဆက်လက် ဆေးကုသမှု ခံယူနေရပါတယ်။
သတင်း - ပြည့်ဖြိုးကိုကို