ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ အားတင်းထားကြရန် ပြည်ထောင်စုဝန်ကြီး မေတ္တာရပ်ခံ
ပိုင်စိုး
·
October 13, 2020
ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေ၊ အခြေခံကျန်းမာရေးပညာရှင်တွေအနေနဲ့ ဆက်လက် အားတင်းထားကြဖို့နဲ့ လူနာနဲ့ထိတွေ့သူတွေကို ပိုက်စိပ်တိုက်ခြေရာခံပေးကြဖို့ ကျန်းမာရေး ဝန်ကြီးက မေတ္တာရပ်ခံလိုက်ပါတယ်။
ရန်ကုန်မှာ အခုရက်ပိုင်း ပိုးတွေ့လူနာတွေ ရုတ်တရက်များလာတာကြောင့် ဆေးရုံတွေ၊ ကိုဗစ်-၁၉ ကုသဌာနတွေမှာ အစပိုင်းက အခက်အခဲတွေ၊ အဆင်မပြေတာတွေ၊ လိုအပ်ချက်တွေ ရှိခဲ့တယ်လို့လည်း ကျန်းမာရေးနဲ့ အားကစား ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဆိုပါတယ်။
“ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ အခြေခံကျန်းမာရေးပညာရှင်များ အားလုံးကို မေတ္တာရပ်ခံ ချင်ပါတယ်။ ဆက်လက်အားတင်းထားကြဖို့၊ ဆေးရုံကို လူနာတွေ ထပ်မရောက်စေဖို့ Contact တွေကို ပိုက်စိပ်တိုက် ခြေရာခံရှာပေးကြဖို့နဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ အားကိုယူပြီး ဆက်လက်ပြီး ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ကတဆင့် ပြောဆိုလိုက်တာပါ။
အဆင်မပြေတာတွေကို သည်းခံပေးကြဖို့နဲ့ ဒါတွေကို ဖြေရှင်းကျော်လွှားနိုင်အောင် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေဟာ အသက်ကိုတောင်မငဲ့ဘဲ ဝန်နဲ့အားမမျှ ဝန်ဆောင်မှုပေး နေတယ်ဆိုတာကိုလည်း ကောင်းကောင်းသိတယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။
လပေါင်းများစွာ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်ခဲ့ပေမယ့် အခုတော့ ကိုဗစ်-၁၉ လူနာတွေဟာ ပြည်သူ့ဆေးရုံကြီးတွေနဲ့ ကိုဗစ် ကုသရေးဌာနတွေဆီ တရက်ထက်တရက်တိုးပြီး ရောက်လာနေတယ်လို့လည်း ဆိုပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ကိုယ့်ကိုယ်ကို ကူးစက်မခံရအောင် သတိမလစ်ကာကွယ်ဖို့၊ တတ်နိုင်သလောက် အနားယူချိန် ရအောင်လုပ်ဖို့လည်း ဝန်ကြီးကမှာကြားပြီး အဆင်မပြေတာ အခက်အခဲတွေရှိရင် ဝန်ကြီးကအစ ဒုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်တို့ကို အချိန်မရွေးဆက်သွယ်နိုင်တယ်လို့လည်း ဆိုပါတယ်။