ပြည်ပရောက် မဲဆန္ဒရှင် ၁ သိန်းကျော်အနက် ထက်ဝက်ခန့် ကြိုတင်မဲပေးပြီး
DVB
·
October 13, 2020
၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်ပနိုင်ငံတွေအသီးသီးကနေ ကြိုတင်မဲပေးခွင့်ရတဲ့ မဲဆန္ဒရှင်ပေါင်း တစ်သိန်းကျော်အနက် တစ်ဝက်လောက်ဖြစ်တဲ့ လူဦးရေ ၅၀,၀၀၀ ကျော်လောက် မဲလာပေးပြီးသွားကြပြီလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မနေ့ညက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေနဲ့ပတ်သက်ပြီး ပြည်သူကို နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ပြောတာဖြစ်ပြီး ကိုဗစ်ကြောင့် လာမယ့် အထွေထွေရွေးကောက်ပွဲဟာလည်း စိန်ခေါ်မှုတခုဖြစ်တယ်လို့ ပြောပါတယ်။
“စိန်ခေါ်မှုကြီးတခုဆိုပေမယ့်လည်း ဒါကိုလည်း ပြည်သူလူထုအတွက် အခွင့်အရေးတခုလည်း ဖြစ်တယ်လို့ ကျမပြောချင်ပါတယ်။ နိုင်ငံခြားမှာတော့ စတင်ပြီး ကြိုတင်မဲတွေ ပေးနေပြီဆိုတာ ပြည်သူတွေ သိပြီးဖြစ်ပါတယ်။ ဒီနေ့ဆိုရင် မဲပေးချင်တဲ့ စာရင်းဝင်ထားသူ ၁၀၉,၄၇၀ ထဲက ဆိုရင် ၅၀,၅၂၀ ဟာ မဲပေးပြီးဖြစ်ပါတယ်။ ဆက်ပြီးတော့လည်း နိုင်ငံတကာသံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေမှာ မဲပေးစရာရှိပါသေးတယ်” လို့ ပြောပါတယ်။
ပြည်ပနိုင်ငံတွေမှာတော့ ကြိုတင်မဲပေးပွဲတွေ စနေပြီဖြစ်ပြီး မကြာခင်မြန်မာနိုင်ငံမှာလည်း စတော့မယ်လို့ ဆက်ပြောပါတယ်။
ပြီးတော့ အသက် ၆၀ ကျော်သူတွေကို အထူးအခွင့်အရေးတခုအနေနဲ့၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တဲ့အနေနဲ့ လူစုလူဝေးမဖြစ်အောင် ကြိုတင်မဲတွေကို ကော်မရှင်ရုံးခွဲတွေမှာ သွားပေးနိုင်တယ်လို့လည်း ဆိုပါတယ်။ ကျန်းမာရေးကြောင့် မသွားမလာနိုင်ဘူးဆိုရင်တော့ အိမ်တိုင်ရာရောက် ကြိုတင်မဲပေးနိုင်အောင်လည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ကမ္ဘာတဝန်းမှာ မြန်မာသံရုံးနဲ့ ကောင်စစ်ဝန်ရုံးရှိတဲ့ မြို့ပေါင်း ၄၀ ကျော်ရှိရာမှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက ပြည်ပရောက် မြန်မာမဲဆန္ဒရှင်တွေ ကြိုတင်မဲပေးခဲ့ကြတဲ့ စုစုပေါင်း အရေအတွက်ဟာ ၃၀,၀၀၀ ကျော်လောက်ပဲ ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
အခု ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ ကြိုတင်မဲပေးခွင့်ရှိတဲ့ ပြည်ပရောက် မဲဆန္ဒရှင် အရေအတွက် ၁ သိန်းကျော်ရှိပြီး လက်ရှိ အောက်တိုဘာ ၁၂ ရက်အထိ ၅၀,၀၀၀ ကျော်လောက် မဲပေးထားကြပြီးဖြစ်ပါတယ်။