မျိုးဗီဇ ပြုပြင်ထားသည့် HB4 ဂျုံစိုက်ပျိုးခွင့် အာဂျင်တီးနား ပထမဆုံး အတည်ပြု

အာဂျင်တီးနားနိုင်ငံဟာ မိုးခေါင်ဒဏ်ကို ခံနိုင်အောင် မျိုးဗီဇကို ပြုပြင်ထားတဲ့ HB4 ဂျုံကို စိုက်ပျိုးခွင့် အတည်ပြုပေးလိုက်ပြီလို့ တီထွင်တဲ့ ဇီဝနည်းပညာလုပ်ငန်း ဘိုင်အိုစီရက်စ်အဲ့စ်အေနဲ့ အစိုးရတို့က အောက်တိုဘာ ၈ ရက်မှာ ပြောလိုက်ပါတယ်။ ဒါကြောင့် အာဂျင်တီးနားဟာ မျိုးဗီဇပြုပြင်ပြောင်းလဲထားတဲ့ ဂျုံကိုစိုက်ဖို့ အတည်ပြုပေးတဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာပါတယ်။ မျိုးဗီဇ ပြုပြင်ပြောင်းလဲထားတဲ့ ကုန်စည်တွေကို တင်သွင်းဖို့ ဘယ်နိုင်ငံကမှ ခွင့်မပြုသေးပါဘူး။ ဘရာဇီးက တင်ပို့ခွင့်ကို အတည်ပြုပေးတာနဲ့ တပြိုင်နက် HB4 ဂျုံမျိုးကို ဈေးကွက်တင် ကြော်ငြာတာ စမယ်လို့ Bioceres က ပြောပါတယ်။ ဘရာဇီးဟာ အာဂျင်တီးနား ဂျုံတွေကို ဝယ်ယူတဲ့ အကြီးဆုံးဈေးကွက်လည်း ဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနက ပြောပါတယ်။ ပြောင်းနဲ့ ပဲပုပ်စေ့လို တခြားကောက်ပဲသီးနှံတွေကို အထွက်တိုးအောင်နဲ့ ခြိမ်းခြောက်မှု ဒဏ်တွေကို ခံနိုင်အောင် မျိုးဗီဇကို ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်ထားကြပေမယ့် ဂျုံကိုတော့ စားသုံးသူတွေရဲ့ စိုးရိမ်စိတ်ကြောင့် စီးပွားဖြစ်ထုတ်လုပ်မှုကို ဘယ်နိုင်ငံကမှ အတည်မပြု သေးပါဘူး။ ဂျုံဟာ လူသားတွေ စားဖို့ အဓိကစားစရာလည်း ဖြစ်ပါတယ်။ မနှစ်က အာဂျင်တီးနားနိုင်ငံမှာ စိုက်ပျိုးတဲ့ ဂျုံတန်ချိန် ၁၁ ဒသမ ၃ သန်းရဲ့ ၄၅ ရာခိုင်နှုန်းကို ဘရာဇီးနိုင်ငံဆီ တင်ပို့ ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up